ရှမ်းပြည်နယ်လင်းခေးမြို့မှာ ဇန်န၀ါရီ(၁၂)ရက်ကနေ(၁၄)ရက်နေ့အထိ ပြုလုပ်မယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လတ်တလော အခြေအနေတွေကြောင့် ယာယီရွှေ့ဆိုင်း လိုက်တယ်လို့RCSS က ဇန်န၀ါရီ (၈)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) လူထုဆွေးနွေးပွဲတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့်လို့ RCSS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
RCSS အနေနဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ်(၁၄) ခုမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့ရာမှာ တားဆီးခံရတာတွေရှိသလို နောက်ဆုံးကျင်းပခွင့်ညွှန်ကြားချက်တွေကို  ပြည်နယ်အစိုးရက ပြန်လည်ရုပ်သိမ်းခဲ့တာကြောင့် တောင်ကြီးအပါအ၀င် ပြုလုပ်ဖို့ ကျန်ရှိနေတဲ့ အကြိုလူထုတွေ့ဆုံပွဲတွေကို ရပ်ဆိုင်းခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်အတွင်းထည့်သွင်း ဖော်ပြထားပါတယ်။
 
အကြိုတွေ့ဆုံပွဲတွေမှာ ကြုံတွေ့ချက်တွေနဲ့ တောင်ကြီးမှာ ပြုလုပ်မယ့် နောက်ဆုံးတွေ့ဆုံပွဲကို ကျင်းပနိုင်ဖို့ ငြိမ်းချမ်းရေး ကော်မရှင်၊ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဒီဇင်ဘာ(၂၇)ရက်နေ့ကနေ(၃၀)ရက်နေ့အထိ တွေ့ဆုံခဲ့သလို အစိုးရနဲ့ တပ်မတော်အကြီးအကဲတွေထံ တင်ပြခဲ့ပေမယ့် အကြောင်းပြန်ကြားချက် မရရှိခဲ့ဘူးလို့ ပြောပါတယ်။NCA လက်မှတ်ရေးထိုးပြီးအဖွဲ့တွေဖြစ်တဲ့ ရှမ်း RCSSနဲ့ ရခိုင် ALP ဟာ အကြောင်းအမျိုးမျိုး ကြောင့် ပြီးခဲ့တဲ့ ၂၁ပင်လုံ ဒုတိယ အစည်းအဝေးအထိ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရရှိခဲ့ကြပဲ RCSS ကတော့ ကျင်းပခွင့်နေရာ ညှိနှိုင်းမှုအဆင်ပြေခဲ့တာကြောင့် အခုလနောက်ဆုံးပတ်မှာ ကျင်းပနိုင်ဖို့ စီစဉ်ထားတဲ့ ၂၁ ပင်လုံတတိယအစည်းအဝေးမတိုင်ခင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
 
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်ဟာ NCA လက်မှတ်ထိုးထားတာ တစ်ခုတည်းမဟုတ်ပဲ နယ်မြေအခြေအနေ၊ နိုင်ငံအတွင်းအခြေစိုက်နေရာ၊ ထိန်းချုပ်နယ်မြေရှိမှု၊ နယ်မြေတူ လက်နက်ကိုင်အဖွဲ့ အချင်းချင်းအခြေအနေတွေလည်း အဓိကကျတယ်လို့ ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၁၇ ဇန်န၀ါရီလက စပြီး လက်ရှိအချိန်ထိ ကရင်ပြည်နယ် ဘားအံ၊ ချင်းပြည်နယ် ထန်တလန်နဲ့ ရှမ်းပြည်နယ် ဟိုပုန်းမြို့မှာ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ထားပြီးဖြစ်သလို တနင်္သာရီတိုင်း ထားဝယ်၊ ပဲခူးတိုင်းတောင်ငူမြို့တွေမှာ ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ နေပြည်တော်မှာ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(CSO)ဖိုရမ်နှစ်ကြိမ် ပြုလုပ်ထားပြီးဖြစ်ပါတယ်။ 
 
 
 

Related News