ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံအနှံ့မီးလောင်မှုကြောင့် ငွေကျပ် သန်းပေါင်းလေးသောင်း ခုနှစ်ထောင်ခြောက်ရာကျော် ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်အတွင်းက မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့တဲ့ ပမာဏထက် ပိုများလာတာ ဖြစ်ပါတယ်။
 
အခုလို ပျက်စီးဆုံးရှုံးမှု ပိုများလာတာဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက ကန်တော်ကြီးပဲလေ့(စ်)ဟိုတယ်လောင်ကျွမ်းခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်အတွင်း 
မီးလောင်မှုအကြိမ်ရေဟာ (၂၀၁၆)ခုနှစ်ထက် (၁၅)ကြိမ်လျော့နည်းခဲ့ပါတယ်။ (၂၀၁၆)ခုနှစ်အတွင်း နိုင်ငံအနှံ့(၁၈၄၇)ကြိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး (၂၀၁၇)ခုနှစ်မှာတော့ (၁၈၃၂)ကြိမ် လောင်ကျွမ်းခဲ့တာပါ။
 
မီးလောင်ရတဲ့အကြောင်းအရင်းတွေထဲမှာတော့ လျှပ်စစ်မီးကြောင့်အများဆုံးဖြစ်ပြီး (၄၉၄)ကြိမ်ထိရှိခဲ့ပါတယ်။ (၂၀၁၇)ခုနှစ် ဇန်န၀ါရီလကနေ ဒီဇင်ဘာလအထိ (၁၂)လတာအတွင်း နိုင်ငံအနှံ့မီးလောင်မှုကြောင့် သေဆုံးသူ(၁၀၄)ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၁၂၅)ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။
 
ဆုံးရှုံးမှုတန်ဖိုးအနေနဲ့(၂၀၁၆)ခုနှစ် တစ်နှစ်တာအတွင်းမှာ ငွေကျပ်သန်းပေါင်း (၄၁၆၀၀)ကျော်ရှိခဲ့ပြီး (၂၀၁၇)ခုနှစ်မှာတော့ ငွေကျပ်သန်းပေါင်း(၄၇၆၀၀)ကျော် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ 
 
 
 

Related News