ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသမှာ ဒုတိယမြောက်ကျောက်စိမ်း စေတီတည်ထားကိုးကွယ်ဖို့အတွက် စေတီဖြစ်မြောက်ရေးကော်မတီကို ဖေဖော်ဝါရီလ(၇)ရက်က သာကေတမြို့နယ်၊ 
သဒ္ဓမ္မဂုဏ်ရည်မဟာစည်သာသနာ့ရိပ်သာကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ ဇေယျမင်္ဂလာကုန်းတော်ရှိ ကွင်းကောက်မြို့ရဲ့ကျက်သရေဆောင်ဖြစ်တဲ့ 
သမိုင်းဝင်နန္ဓာလ၊ နန္ဒာမုနိ၊ နန္ဒာသီရိစေတီတော်မြတ်ကြီး (၃)ဆူရဲ့ ပရ၀ုဏ်အတွင်းမှာ ၀ိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်ကို တည်ထားကိုးကွယ်မှာဖြစ်ပါတယ်။
 
ဒုတိယမြောက်ကျောက်စိမ်း စေတီတော်တည်ထားကိုးကွယ်ဖို့ အတွက် စေတီပုံစံကို ဆူးလေစေတီပုံစံတူပြုလုပ်မှာဖြစ်ပြီး ဥာဏ်တော်အမြင့် (၂၇)ပေ၊ (၆)လက်မ၊ ပုလ္လင်ခုံလုံး(၇)ပေနဲ့ တည်ထားကိုးကွယ်မှာဖြစ်ပါတယ်။ ကျောက်စိမ်းစေတီတော် တည်ထားကိုးကွယ်မယ့် ပရ၀ုဏ်ကတော့(၅)ဧကကျယ်ဝန်းပြီး  ၀န်းအတွင်းမှာ စေတီတော်နဲ့ပတ်သက်တဲ့ သာသနိကအဆောက်အဦးတွေကိုလည်း ထည့်သွင်းဆောက်လုပ်သွားမယ်လို့ သိရပါတယ်။
ကျောက်စိမ်းစေတီတော်တည်ထားကိုးကွယ်ဖို့အတွက် ကျောက်စိမ်းတန်ချိန်(၁၅၀) ကုန်ကျမှာဖြစ်ပြီး ကျောက်စိမ်းတန်ချိန်(၅၀)ကိုတော့ ကချင်ပြည်နယ်၊ဖားကန့်မြို့က လှူဒါန်းခဲ့တာ ဖြစ်ပြီး တန်ချိန်(၃၀)ကိုတော့ 
ဝေရောစနကျောက်စိမ်းစေတီတော် တည်ခဲ့တဲ့ဒါယကာဦးစိုးနိုင်က လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အခုတည်ထားမယ့်ကျောက်စိမ်းစေတီကို (၇)ရက်သား၊ သမီးရဲ့ လှူဒါန်းငွေနဲ့ တည်ထားကိုးကွယ်မှာဖြစ်ပြီး စေတီတော်တည်ထားဖို့ပန္နက်တင်အခမ်းအနား ကိုတော့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ကျောက်စိမ်းစေတီ တည်ထားကိုးကွယ်ဖို့ အတွက် အင်္ဂပူမြို့သားများ၊ အနုပညာရှင်များ၊ စာရေးဆရာများနဲ့ ဒကာ၊ ဒကာမတွေ အဖွဲ့ ဖွဲ့စည်းထားပြီး အဲ့ဒီအဖွဲ့တွေမှ လှူဒါန်းငွေတွေ ကောက်ခံပေးသွားမယ်လို့ သိရပါတယ်။
 
ဒုတိယမြောက်ကျောက်စိမ်းစေတီတည်ထားကိုးကွယ်တာဟာ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ ဘုရားဖူးပြည်သူတွေရဲ့ ဘုရားဖူးရာနေရာဖြစ်လာစေရေးနဲ့ မြန်မာပြည်အောက်ပိုင်းမှာ ကျောက်စိမ်းစေတီ တည်ထားလိုက်ခြင်းကြောင့် အခြားသမိုင်းဝင်စေတီတွေကိုလည်း ဖူးမြှော်ပြီးသား ဖြစ်အောင် တည်ထားကိုးကွယ်တာဖြစ်ပါတယ်။ ကျောက်စိမ်းစေတီတည် ထားကိုးကွယ်ဖို့ ငွေကျပ်သိန်းပေါင်း(၃)သောင်းကျော် ကုန်ကျမှာဖြစ်ပြီး အားလုံးပြီးစီးဖို့ အချိန်ကာလအနေနဲ့ (၃)နှစ်မှ(၅)နှစ်အထိ ကြာမြင့်မယ်လို့ သိရပါတယ်။
 
 
 

Related News