ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းမြို့နယ်တွေက  ယိုယွင်းပျက်စီးနေပြီး စံနှုန်းမကိုက်ညီတဲ့ အားကစားကွင်းတွေကို ပြန်လည်ပြင်ဆင်နေပြီး ကစားကွင်းမရှိတဲ့ ရပ်ကွက်တွေမှာလည်း ကွင်းသစ်တွေ 
ဖော်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားပါတယ်။ရန်ကုန်မြို့ပေါ်နေပြည်သူတွေအတွက် အားကစားကွင်းအသစ်တွေဖော်ဆောင်နေသလို  ကွင်းရှိပြီး စံချိန်စံနှုန်းနဲ့ မကိုက်ညီတဲ့ 
အားကစားကွင်းတွေကိုလည်း မြို့တော်စည်ပင်က အဆင့်မြှင့်တင်၊ ပြန်လည်ပြင်ဆင်ပေးနေပါပြီ။ဘောလုံးကန်ရတာ ၀ါသနာပါသူတစ်ဦးဖြစ်တဲ့  မရမ်းကုန်မြို့နယ်၊(၈)ရပ်ကွက်နေ 
မစုမြတ်ကျော်ဇင်တို့သူငယ်ချင်းတစ်စုကတော့ ဒီရပ်ကွက်လမ်းဆုံနေရာလေးမှာ အမြဲလိုလို ကစားနေကြတာပါ။
 
ကစားနေချိန် လမ်းသွားလမ်းလာတွေကြောင့် ခဏခဏရပ်တန့်ပေးနေရသလို အမှိုက်၊ကျောက်ခဲ၊ တုတ်တိုတုတ်စတွေနဲ့ ကွန်ဂရစ်လမ်းဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာ မကြာခဏ ရရှိနေတယ်လို့လည်းဆိုပါတယ်။သူတို့ရပ်ကွက်မှာ အားကစားကွင်းမရှိလို့တော့ မဟုတ်ပါဘူး၊ အားကစားကွင်းတစ်ခုရှိပေမယ့် သူတို့ထက်ကြီးတဲ့ လူငယ်၊ လူလတ်ပိုင်းတွေနဲ့ ကစားဖို့ နေရာယှဉ်တိုး မယူနိုင်တာကြောင့်ပါ။ ဒီ(၈)ရပ်ကွက်ကွင်းမှာ ကစားနေတဲ့ ကိုရဲနောင်ကတော့ ကလေးငယ်တွေအပါအ၀င် သူတို့ပါ ကစားလို့ရတဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ပေးစေချင်တယ်လို့လည်းဆိုပါတယ်။
 
မစုမြတ်ကျော်ဇင်တို့ သူငယ်ချင်းတစ်စုလိုပဲ ရန်ကုန်မြို့ပေါ်နေ လူငယ်လူလတ်ပိုင်းတွေ အပါအ၀င် အများပြည်သူတွေအနေနဲ့  ရပ်ကွက်တွင်း ကစားကွင်းတွေလုံလုံလောက်လောက် မရှိတာကြောင့် လမ်းပေါ်တွေနဲ့  ကြုံရာနေရာတွေမှာ ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ ကြိုက်နှစ်သက်ရာ အားကစားတွေ ကစားနေရတာဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ် ရပ်ကွက်အများစုမှာတော့ အားကစားကွင်းတွေမရှိပါဘူး။ ဒီအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီမှ ရပ်ကွက် အခြေနေပေါ်မူတည်ပြီး ဖော်ဆောင်ပေးနေသလို လိုအပ်ချက်အရလည်း ဖြည်းဆည်း ဖော်ဆောင် ပေးနေပြီး လက်ရှိရပ်ကွက်တစ်ခုကို အားကစားကွင်းတစ်ကွင်းနှုန်းရှိအောင် စီမံချက်ချ အလေးထား လုပ်ဆောင်နေတယ်လို့လည်း တိုင်းလွှတ်တော်မှာ ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ 
 
လက်ရှိ ရန်ကုန်မြို့တော်စည်ပင်နယ်နမိတ်အတွင်း အားကစားကွင်းပေါင်း(၁၁၈)ကွင်းဖော်ဆောင် ပေးထားနိုင်ပြီး အားကစားကွင်းသစ်(၁၃)ကွင်းဖော်ဆောင်နေသလို ဒီကွင်းတွေ၊ ယခင်ကွင်း ဟောင်းတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ထိန်းသိမ်းခြင်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့လည်း မြို့တော်ဝန်ကပြောကြားခဲ့ပါတယ်။အားကစားကွင်းတွေ အပါအ၀င်   အများပြည်သူပိုင်နေရာတွေကို အများပြည်သူတွေ ပြန်လည်ပိုင်ဆိုင်နိုင်ရေးအဆိုကိုလည်း ပြီးခဲ့တဲ့(၂၀၁၆)ကတည်းက တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုထားပြီးဖြစ်ပါတယ်။
 
 
 

Related News