မန္တလေးကျုံးပတ်လည်ရှိပလက်ဖောင်းတွေနဲ့ သံပန်းတွေပြုပြင်လဲလှယ်မှုတွေကို မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီက စတင်လုပ်ဆောင်နေပါတယ်။ မန္တလေးကျုံးဘေး ပလက်ဖောင်းတွေ သံပန်းတွေ ပျက်စီးနေပြီဖြစ်လို့ ပြုပြင်ဖို့လိုအပ်လာပြီ ဖြစ်တယ်လို့သိရတယ်။ မန္တလေးကျုံးမှာ အရင်က မန်းသီတာဥယျာဉ် ရှိခဲ့ပြီး အဲ့ဒီဥယျာဉ်ကို အကောင်အထည်ဆောင်ရွက်ဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ကဘတ်ဂျက် လျာထားခဲ့ကာ အခု အဲ့ဒီ မန်းသီတာဥယျာဉ်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့သိပါတယ်။
 
အဲ့လိုဆောင်ရွက်ပေးတဲ့ အတွက်လျာထားတဲ့ရန်ပုံငွေ ဘတ်ဂျက်ငွေသိန်း (၄၀၀၀)ထောင်ဝန်းကျင်ရှိနေပြီး အဲ့ဒီ ရန်ပုံငွေကို ဘတ်ဂျက် နှစ်မကုန်ခင်သုံး ဖို့ အခွင့်အရေးရတာကြောင့် အခုလို ကျုံးပတ်လည်ကို ပြုပြင်ဆောင်ရွက်ဖြစ် တာလို့ ပြောပါတယ်။ ယခုလက်ရှိ ပြုပြင်မှုကိုကျုံးတောင်ဘက်မျက်နှာစာက လူအသွားအလာအသုံးအများ ဆုံးဖြစ်တာကြောင့် တောင်ဘက်မျက်နှာကိုစတင်ဦးစားပေး ဆောင်ရွက်နေပြီးအနောက်ဘက်မျက်နှာမှာ လည်း ပလက်ဖောင်းပြုပြင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ကျုံးဘေးပလက်ဖောင်းတွေ အနိမ့်အမြင့်မညီတာတွေကို တပြေးညီဖြစ်အောင်နဲ့ နှစ်ပေါင်းများစွာကြာရှည်ခံအောင် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
 
လဲလှယ်သွားမယ့်သံပန်းတွေရဲ့ဒီဇိုင်းမှာ နန်းမြို့ရိုးအလှ ရှေးဟောင်း အလှနဲ့ ကျုံးနဲ့ လိုက်ဖက်ပြီး နှစ်ကြာရှည်ခံမယ့်သံပန်းတွေနဲ့ ပြောင်းလဲတပ်ဆင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ သံပန်းတွေကို တရုတ်ပြည်က စက်ရုံတွေမှာရှိတဲ့ အရောင်မှိန်တဲ့ စတီးမျိုးကို မှာယူမှာဖြစ်ပြီး လာမယ့်မတ်လ ကုန်မတိုင်မီ ကျုံးတောင်ဘက်မျက်နှာစာကို ပြီးအောင် ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ယခုလို ကျုံးပတ်လည်ပြုပြင်မှုတွေဆောင်ရွက်နေပေမယ့် ကျုံးဘေးမှာ အများပြည်သူ လမ်းလျှောက်ဖို့ နေရာချန်ထား လုပ်ဆောင်ပေးနေပြီး အဆင်မပြေမှုတွေမဖြစ်ရအောင် အမြန်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ မန္တလေးကျုံးကို ၁၉၄၀ ခုနှစ်က ဆယ်ယူမှုပြုလုပ်ခဲ့ ဖူးတယ်လို့ သိရပါတယ်။
 
 
 

Related News