အသီးအနှံစိုက်ပျိုးရေးလုပ်ငန်းတွေမှာ သဘာဝဘေးကြောင့်ဆုံးရှုံးမှုတွေရှိခဲ့ရင် ပြန်လည် ကုစားနိုင်ဖို့ အာမခံထားပေးနိုင်မယ့် အာမခံရရှိဖို့လိုအပ်နေတယ်လို့ သိရပါတယ်။သရက်ခြံတွေမှာ ဒီဇင်ဘာလကစတင်ပြီး အဖူးတွေဖူးနေပြီး ဖေဖေါ်ဝါရီလနဲ့မတ်လတွေမှာ အပွင့်စုံကာ အသီးကင်းဘက်ပြောင်းလာပြီဖြစ်ပါတယ်။ ဘိုးဘွားလက်ထက်ကတည်းက သရက်ခြံ တစ်ခြံဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊စဥ့်ကိုင်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာမှာ ရှိတဲ့သမာဓိသရက်ခြံမှာ ယခုလက်ရှိအချိန်မှာသရက်တွေ လှိုင်လှိုင်ပွင့်နေပြီဖြစ်ပါတယ်။ဒီခြံပိုင်ရှင်ဟာ အနှစ် သရက်ခြံကို နှစ်(၂၀)ကျော် တစ်စိုက်မတ်မတ် စိုက်ပျိုးလာခဲ့ပြီး စိုက်ပျိုးနည်းပညာတွေကိုလည်း စနစ်တကျအသုံးပြုနေတဲ့ သရက်တောင်သူ တစ်ဦးလည်းဖြစ်ပါတယ်။
 
သူရဲ့ခြံမှာတော့ ယခင်၂၀၁၆ ခုနှစ်က အခုလိုအပွင့်တွေပွင့်နေချိန်မှာ သဘာဝဘေးဖြစ်တဲ့ လေပြင်းတိုက်ခတ်တာတွေ၊ မိုးသီးကြွေ တာတွေ ကြုံခဲ့ရပြီး  တစ်နှစ်ပတ်လုံးပြုစု ဆောင်ရွက်ခဲ့တဲ့ သရက်ခြံတစ်ခြံလုံး ဆုံးရှုံးခဲ့ရသလို တခြားသရက်စိုက်ပျိုးတဲ့တောင်သူတွေလည်း ဆုံးရှုံးခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါကြောင့် သဘာဝဘေးနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်မျိုးတွေထပ်မံ ကြုံတွေ့လာခဲ့ရင် တောင်သူတွေအနေနဲ့ ဆုံးရှုံးမှုကို ပြန်လည်ကုစားနိုင်ဖို့ အတွက် အာမခံထားခွင့်ရရှိဖို့တွေ ဆောင်ရွက်ပေးစေလိုတယ်လို့ ပြောပါတယ်။ခြံစိုက်တောင်သူတွေမှာပုံစံ(၇)စာရွက်ရှိပြီး အစိုးရအသိအမှတ်ပြုတဲ့ မည်သည့်ဘဏ်မှ မဆိုပေါင်နှံခွင့်ရှိတယ်လို့ ပါဝင်ပေမယ့် လက်တွေ့မှာ တော့ဘဏ်တွေမှာ ပေါင်နှံလို့မရသေးဘူး လို့လည်း သိရပါတယ်။
 
အခုနောက်ပိုင်း သရက်ဈေးကွက်မှာ ပြည်ပကိုတင်ပို့မှုတွေရှိနေပြီး တရုတ်ပြည်ကိုတင်ပို့မှုအများဆုံးဖြစ်ကာ ရုရှား၊တောင်ကိုရီးယားနဲ့ စကာင်္ပူနိုင်ငံ၊ ဒူဘိုင်းတွေကို ထိုးဖောက်နေပြီဖြစ် တယ်လို့သိရပါတယ်။ တန်းဝင်အသီးတွေကိုပြည်ပပို့နိုင်သလို ပယ်တဲ့ အသီးတွေကိုပြည်တွင်းမှာ တန်ဖိုးမြင့်ထုတ်ကုန်တွေဖြစ်အောင် ဆောင်ရွက်တဲ့စက်ရုံတွေ များများ စားစားပေါ်ပေါက်လာမယ်ဆိုရင် တောင်သူတွေဈေးကွက်အသစ်တစ်ခုရရှိနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သရက်စိုက်တောင်သူတွေအနေနဲ့ စိန်တစ်လုံးသရက်၊ရွှေဟင်္သာသရက်၊ပတ္တမြားငမောက်၊ ရင်ကွဲသရက် စတဲ့သရက်အမျိုးအစားတွေကို အဓိကထားစိုက်ပျိုးနေပြီး မန္တလေးတိုင်းဒေသကြီးကအများဆုံးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ အဓိကစိုက်ပျိုး ကြတာဖြစ်ပါတယ်။
 
 
 

Related News