မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်တဲ့နှစ်(၇၀)ပြည့်အထိမ်းအမှတ်အဖြစ် ရုရှားမယ်လိုဒီ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ(၁၈)ရက်ကအမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်အနေနဲ့ပြုလုပ်တဲ့အခုဖျော်ဖြေပွဲကိုတော့ မြန်မာနိုင်ငံ ဆိုင်ရာရုရှားသံအမတ်ကြီးနဲ့ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရုရှားမြန်မာချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးအသင်းကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး လပိုင်းအကြာ (၁၉၄၈)ခုနှစ် ဖေဖော်ဝါရီ(၁၈)ရက်မှာ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံကြားသံတမန်ဆက်ဆံရေးစတင်ခဲ့တာဖြစ်ပြီး၂၀၁၈ ဖေဖော်ဝါရီ (၁၈)ရက်နေ့မှာ နှစ်(၇၀)ပြည့်ခဲ့ပြီဖြစ်ပါ တယ်။ဒီဖျော်ဖြေပွဲမှာတော့ ရုရှားနိုင်ငံက ကလာဂျက်(စ်)ရိုးရာကျေးလက်ဂီတအဖွဲ့နဲ့ ငွေရောင်တူရိယာ ကြိုးများ အဖွဲ့တို့က ရုရှားဂီတ သံစဉ်တေးသီချင်းတွေကို သီဆိုခဲ့သလို ၊ခြုံပ၀ါများနဲ့ကပြတာတွေ၊ ရိုးရာ ၀တ်စုံတွေနဲ့ကပြတာတွေ၊စစ်သီချင်း၊အော်ပရာသီချင်းတွေနဲ့ လည်း ဖျော်ဖြေခဲ့ပါတယ်။

အခုဖျော်ဖြေပွဲမှာတော့  တေးသီချင်းဖျော်ဖြေမှုတွေအပြင်  ရုရှားဘာသာဖြင့်ရေးသားထားတဲ့ မြန်မာနိုင်ငံဆိုင်ရာစာအုပ်တွေနဲ့  နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုဖော်ပြတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။အခုဖျော်ဖြေပွဲဟာ အခမဲ့ဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က ကျောင်းသား ကျောင်းသူ တွေလည်းလာရောက်လေ့လာခဲ့ကြပါတယ်။ဒီလို ဖျော်ဖြေပွဲကိုမန္တလေးမြို့ရှိ အမျိုးသားဇာတ်ရုံ မှာလည်းဖေဖော်ဝါရီ(၂၂)ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News