ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကွန်ပျူတာတက္ကသိုလ်ကို ပြေးဆွဲနေတဲ့ ရထားလိုင်းကို ယာယီပြေးဆွဲမှု ပိတ်သိမ်းပြီးYBS (78)ယာဉ်လိုင်းနဲ့ ချိတ်ဆက်ပြီး အစားထိုးပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ကွန်ပျူတာတ္ကသိုလ်ကိုပြေးဆွဲနေတဲ့ မြို့ပတ်ရထား အစားပြေးဆွဲပေးမယ့် YBS (78)ယာဉ်လိုင်းဟာ ကျောင်းသားတွေကို ရန်ကုန်ဘူတာကြီးမှ ယခင်ရထားပြေးဆွဲနေတဲ့ လမ်းကြောင်းအတိုင်းခေါ်ဆောင်ပြီး ကွန်ပျူတာတက္ကသိုလ်ကျောင်းအတွင်းထိ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီလို ပို့ဆောင်တဲ့အခါမှာ ကျောင်းသားကျောင်းသူတွေ ရထားစီးတဲ့နှုန်းထားအတိုင်းစီးနိုင်အောင် ညှိနှိုင်းပေးထားတယ်လို့ မြန်မာ့မီးရထားမှတာဝန်ရှိသူက ပြောပါတယ်။
 
ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုမှာ ရထားရဲ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီး (၂)ပိုင်းခွဲခြား ထားပါတယ်။ မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြင့်တင်မှုမှာ ရထားအရှေ့ခြမ်းကို ရွှေတောင်ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး ရထားအနောက်ခြမ်းကိုတော့ A1 ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပါတယ်။  လမ်းပိုင်းမြှင့်တင်ရာမှာJICAက ဒီဇိုင်းရေးဆွဲထားပြီး အဲ့ဒီရေးဆွဲထားတဲ့ ဒီဇိုင်းအတိုင်း တင်ဒါအောင်တဲ့ ကုမ္ပဏီတွေက လုပ်ငန်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုရထားလမ်းပိုင်းအဆင့်မြှင့်တင်ရာမှာ မိုးတွင်းကာလကိုရှောင်ပြီး (၂၀၁၉)နှစ်ကုန်ပိုင်းအထိဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုကို ဖေဖော်ဝါရီလ (၂၁)ရက်က စတင်ပြီး ရထားလမ်းပိုင်း လေးဖြစ်တဲ့ အနောက်ခြမ်းမှာ (၃.၇၅)မိုင်ရှိတဲ့ အင်းစိန်၊ ဒညင်းကုန်းလမ်းပိုင်းလေးကို တစ်လမ်းတည်းသွား လမ်းပိုင်းစနစ်နဲ့ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လမ်းပိုင်းကို မနက်(၃)နာရီမှ ည(၁၀)နာရီအထိ ပိတ်ထားမှာဖြစ်ပြီး ဒီလိုလုပ်ဆောင်နေချိန်အတွင်း ခရီးသွားပြည်သူတွေအတွက် ရထားအစီးရေလျော့နည်း မသွားအောင်လုပ်ဆောင်ပေးထား တယ်လို့သိရပါတယ်။ အဆိုပါစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကောာ်မတီနဲ့JICAတို့ပူးပေါင်းရေးဆွဲခဲ့တဲ့ မဟာရန်ကုန်ကုန်မြို့ပြစည်မံကိန်းအရ လုပ်ဆောင်တာဖြစ်ပြီး JICA ချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျက် အပါအ၀င် အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၂၉သန်းသုံးစွဲသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
 
 

Related News