(၂၀၁၆)ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဘုရားနှစ်ဆူကို ဂျာမနီ ဖက်ဒရယ် သမ္မတနိုင်ငံအစိုးရမှ ကူညီတဲ့ယူရိုငွေ တစ်သိန်း (၃)သောင်းခွဲဖြင့် ပြန်လည်ပြုပြင် သွားမယ်လို့ သိရပါတယ်။ 
အခုပြုပြင်မယ့် ဘုရားနှစ်ဆူကတော့ နန်းဘုရားနဲ့ နရသီဟပတေ့ (တရုတ်ပြေး) ဘုရားတို့ဖြစ်ပြီး ကွင်းဆင်းလေ့လာမှု တွေလည်းပြုလုပ်ပြီးဖြစ်တယ်လို့သိရပါတယ်။ ဒီလိုပြုပြင်ဖို့နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ (၂၀)ရက်မှာတော့ ဂျာမနီ ဖက်ဒရယ် သမ္မတနိုင်ငံ နိုင်ငံခြားရေးရုံးနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ အကြား နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

နန်းဘုရားကို ကျောက်ဆစ်လက်ရာများ ထိန်းသိမ်းပြုပြင်နိုင်ဖို့ အတွက် ယူရိုငွေ (၉)သောင်း ၉ထောင်ကိုအသုံးပြုသွားမှာဖြစ်ပြီး  နံရံဆေးရေးပန်းချီ ထူးခြား ထင်ရှားတဲ့ တရုတ်ပြေးဘုရားကိုတော့ ယူရို  (၃)သောင်း ၆ထောင် အကုန်ကျခံကာ ပြုပြင်မှုတွေ ပြုလုပ်သွားမယ်လို့သိရပါတယ်။ငလျင်ကြောင့်အသေးအဖွဲပျက်စီးတဲ့ စေတီတော် (၃၀၀)ကျော်ကို အင်္ဂါအစုံဖြစ်အောင် ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး အင်္ဂတေပိုင်း၊နံရံဆေးရေး ပန်းချီပိုင်းတွေပါရှိတဲ့ ဘုရားတွေကိုတော့ မူလလက်ရာတွေ ပျက်စီးမှုမရှိအောင် နိုင်ငံတကာနဲ့ပြည်တွင်းကပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ အညီ အဆောက်အအုံပိုင်းကိုကြံ့ခိုင်အောင် ထိန်းသိမ်းသွားမယ်လို့သိရပါတယ်။

ဒီလိုအတွင်းပိုင်း လက်ရာတွေကို မထိခိုက်အောင်ပြုပြင်ရမယ့် ဘုရားစုစုပေါင်း (၁၅၄)ဆူရှိတဲ့အနက် အဆူ(၉၀)ကိုပဲ ထိန်းသိမ်းနိုင်သေးပြီး ကျန်ဘုရားတွေကတော့ လုပ်ငန်းဆောင်ရွက်ဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ (၂၀၁၆)ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား (၆.၈)မက်ဂနီကျုရှိ ငလျင်ကြောင့် ပုဂံဘုရားပေါင်း (၃၈၉)ဆူထိခိုက်ပျက်စီးခဲ့ပြီး (၁၉၇၅)ခုနှစ်တုန်းကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်လည်းပုဂံဘုရားတွေထိခိုက်ပျက်စီးမှုများစွာရှိခဲ့တယ်လို့သိရပါတယ်။

 

 

Related News