သင်္ကြန်အကြို ယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီးမှာ ရက်သတ္တပတ်အကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံယာဉ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့(MORS)က ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူတွေ အပါအ၀င် ယာဉ်ထိန်း၊ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။သင်္ကြန်အကြို ယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုလုပ်ဆောင်ဖို့(MORS)အပါဝင် သက်ဆိုင်ရာဌာနတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(၁၂)ထပ်ခွဲရုံးမှာ မတ်လ(၂၀)ရက်က အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ဧပြီ(၁)ရက်ကနေ (၆)ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံယာဉ် လမ်းအန္တရာယ်ကင်းရှင်းရေးဖွဲ့(MORS)က ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူတွေအပါအ၀င် ယာဉ်ထိန်း၊ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဖွဲ့(၇)ဖွဲ့ခွဲပြီး တစ်ရက်ကို အနည်းဆုံးနေရာ(၇) နေရာခွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ယာဉ်၊ လမ်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာပေးစာအုပ်တွေ၊ လက်ကမ်းစာစောင်တွေကို ယာဉ်မောင်းတွေနဲ့ ခရီးသွားပြည်သူတွေကို ဖြန့်ဝေတာနဲ့ အသိပညာပေးတာတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့(MORS)ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု သင်္ကြန်အကြို ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို ဗိုလ်တထောင် အ.ထ.က(၆)မှာ ဧပြီ(၁)ရက်နေ့ မနက်ပိုင်းမှာ အခမ်းအနားနှင့်တကွ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှုကို SAT Japan Road Service ကုမ္မဏီကလည်း ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့အရက်သေစာသောက်စားမူးယစ်ပြီး ယာဉ်မောင်းနှင်တာတွေ မရှိစေဖို့ စစ်ဆေးမှုတွေကို  ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ကာလအကြိုစီမံချက် စတင်နေပြီလို့ သိရပါတယ်။ ဒီလိုစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ မတ်(၁၉)ရက်ကစလို့ မြို့နယ်အသီးသီးမှာ စစ်ဆေးနေပြီးလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးမှုဟာ (၂၀၁၅)ခုနှစ်က တစ်ရက် (၁၁)ဦးနဲ့ အထက်သေဆုံးခဲ့ပြီး(၂၀၁၆)ခုနှစ်မှာ တစ်ရက်အနည်းဆုံး(၁၃)ဦး ရှိခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတော့ တစ်ရက်(၁၆)ဦးခန့်သေဆုံးနေတာဖြစ်ပါတယ်။ ဒါဟာ နှစ်တစ်နှစ်ရဲ့ တစ်ရက်တာပျမ်းမျှသေဆုံးမှုဟာ အနည်းဆုံး (၂)ဦးနဲ့အထက် နှစ်စဉ်တိုးမြင့်သေဆုံးလာနေတာလဲ ဖြစ်ပါတယ်။ ယာဉ်မတော်တဆမှုကြောင့်  လက်ရှိကမ္ဘာ့မှာတော့  တစ်ရက် လူဦးရေ(၂၈၀၀) နီးပါးသေဆုံးနေတယ်လို့လဲ သိရပါတယ်။

 

 

 

Related News