မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို) MANA မှ (၁၉)ကြိမ်မြောက် နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးကို မတ်လ(၂၁)ရက်မှ (၂၂)ရက်အထိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက်မှာ ကျင်းပလျက်ရှိပါတယ်။ အစည်းအဝေးကို တိုင်းနဲ့ပြည်နယ် အဆင့် MANA အဖွဲ့အစည်း(၁၇)ခုမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး  (၂၀၁၇)ခုနှစ် တစ်နှစ်တာအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးနဲ့ဘေးအန္တရာယ်လျှော့ချရေးတွေကို အောင်မြင်အောင် ဆောင်ရွက်ခဲ့တာတွေကို ရှင်းလင်းပြောကြားခဲ့တာပါ။ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဘေးအန္တရာယ်လျှော့ချရေးနဲ့ပတ်သက်ပြီး အသင်းရဲ့ ဆောင်ရွက်မှု အားနည်းချက်၊ အားသာချက် တွေကိုလည်း ထည့်သွင်းဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒါ့အပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသင်းတွေရဲ့ ဆောင်ရွက်ချက် အခက်အခဲတွေနဲ့ အတွေ့အကြုံကိုတွေပါ ဖလှယ်ကြမယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ လက်ရှိမူးယစ်ဆေးဝါးသုံးစွဲမှုဟာ (၂၀၁၇)ခုနှစ်ကစတင်ပြီး များပြားလာ တယ်လို့ သိရပါတယ်။ ဒီလိုများပြားလာမှုကြောင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့(၅၀)ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ဗဟို)ဟာ NGO အဖွဲ့အစည်းဖြစ်တာကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဆီးအရေးယူတာမျိုး မပြုလုပ်ပဲ အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အသင်းအနေနဲ့ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ မူးယစ်ဆေးဝါးဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေမကြာခဏ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ အသက်အရွယ်တွေကတော့ အသက်(၂၄) ၀န်းကျင်မှ အသက်(၇၀)အထိ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးသုံးစွဲပါကဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ဒီနှစ်ပတ်လည်အသင်းအစည်းအဝေးမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက ဆွေးနွေး ဖလှယ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်တွေက ကိုယ်စားလှယ်တွေ နေထိုင်ရာ ဒေသပြန်လည် ရောက်ရှိပါက ဒေသခံလူငယ်တွေကို ပြန်လည်မျှဝေသွားမယ်လို့ သိရပါတယ်။ 

 

 

Related News