မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကိုဧပြီလ(၂၂)ရက် နံနက် ၇နာရီက ပြုလုပ်ခဲ့ပါတယ်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ အနေကဇာတင်အခမ်းအနားကိုသြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ မထေရ်မြတ်ကြီးများ ဦးဆောင်ပြီးသံဃာတော်အရှင်သူမြတ်အပါး(၁၀၈၀)တို့က ဗုဒ်္ဓါဘိသေက အနေကဇာတင်တော်မူခြင်းနဲ့ မင်္ဂလသုတ်နှင့် မေတ်္တာသုတ်ပရိတ်တော် ရွတ်ဖတ်ပူဇော်ခြင်းကို ဆောင်ရွက်ခဲ့ကြပါတယ်။ မဟာမုနိရုပ်ရှင်တော်မြတ်ဟာ မန်္တလေးမြို့ကို မြန်မာသက်္ကရာဇ်(၁၁၄၆) ခုနှစ်ကရောက်ရှိခဲ့တာပါ။ မန်္တလေးမြို့ကိုရောက်ရှိတာ နှစ်ပေါင်း(၂၃၀)ကျော် ရှိပြီဖြစ်ကာ သမိုင်းမှတ်တမ်းတွေအရ (၂)ကြိမ်အနေကဇာတင်ခဲ့ဖူးပြီး ၂၀၀၂ခုနှစ်က နောက်ဆုံးအနေကဇာတင်ခဲ့တယ်လို့ သိရပါတယ်။

မန်္တလေးမြို့မဟာမုနိဘုရားကြီးမှာလက်ရှိ ဂေါပကအဖွဲ့က၂၀၁၆ခုနှစ်ကစတင်ကာ ဘုရားကြီးနဲ့ဗုဒ်္ဓသံဃိကပစ်္စည်းများ ရေရှည်တည်တံ့စေရေး ပြင်ဆင်ထိန်းသိမ်းမှုတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြင်ဆင်ထိန်းသိမ်းမှုတွေမှာ ဘုရားကြီးနဖူးတော်ရောင်တော်ဖွင့်ခြင်း၊ အတွင်းဂန်္ဓကုဋီရွှေသင်္ကန်းကပ်ခြင်း၊ ပလ်္လင်တော်ရွှေအသစ် ဆက်ကပ်ခြင်း၊ ပြသာဒ်တော်ကြီးစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေသားထီးတော် ရောင်တော်ဖွင့်ခြင်း၊ ဘုံခုနှစ်ဆင့်အရံစေတီတော် သဇင်ပန်းခွေ ရွှေသင်္ကန်းဆက်ကပ်ခြင်းအစရှိတာ တွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်မှုတွေ ပြီးစီးခဲ့တာကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို အနေကဇာတင်မင်္ဂလာအခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်လို့ မန်္တလေးမြို့မဟာမုနိဘုရားကြီးဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောပါတယ်။

အနေကဇာတင်အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဂေါပဂအဖွဲ့၊ အလှူရှင်များက ပင့်သံဃာတော်တွေကို ဆွမ်းဆက်ကပ်ခြင်း၊ သင်္ကန်း၊ လှူဖွယ်ပစ်္စည်းများနဲ့ န၀ကမ်္မအလှူငွေများကိုလည်း လှူဒါန်းခဲ့ကြပါတယ်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား အလှူရှင် ရဟန်းရှင်လူအများပြည်သူလှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချအမျှဝေခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး အနေကဇာတင်အခမ်းအနားကို အများပြည်သူများလာရောက် ဖူးမြော်ကြည်ညိုသဒ္ဒါပွားခဲ့ပြီး လာရောက်ကြတဲ့ ဧည့်ပရိတ်သတ်တွေကို စတုဒီသာများကျွေးမွေး ဧည့်ခံခဲ့ပါတယ်။ 

 

 

Related News