ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တံတားကြီးကိုးစင်းရဲ့ ကြံ့ခိုင်မှုအခြေအနေတွေကို ထပ်မံစစ်ဆေးဖို့လုပ်ဆောင်နေပြီလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ မြောင်းမြတံတားဖြစ်စဉ် ပြီးနောက်ပိုင်း ရန်ကုန်က မြစ်ကူးတံတားကြီးတွေရဲ့ အခြေအနေကို သေချာမှုရှိအောင်ထပ်စစ်မှာလို့ ပြောပါတယ်။ရန်ကုန်ကတံတားတွေနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူကာ နှစ်စဉ်ကြံ့ခိုင်မှုနဲ့ တံတားအခြေအနေတွေကို ပုံမှန်စစ်ဆေးနေပြီး ဒီအစီရင်ခံစာတွေထဲမှာတော့ရန်ကုန်ကတံတားကြီးတွေမှာ အရေးကြီး စိုးရိမ်စရာအခြေအနေတွေမရှိဘူးလို့ ၀န်ကြီးချုပ်က ပြောပါတယ်။ တွေ့ရှိတဲ့ အခြေအနေတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မယ်လို့ သိရပါတယ်။

၂၀၁၅ နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးမှတံတားတွေနဲ့ပတ်သက်ရင် ကုလားဝဲတံတား တဖက်အနည်းငယ် နိမ့်သွားတဲ့ ဖြစ်စဉ်နဲ့ တညင်တံတားသစ်အောက်က သဲစုပ်လုပ်ငန်းတွေကြောင့် တံတားကြံခိုင်မှုထိခိုက်စေတဲ့ အခြေအနေနှစ်ခုသာ အဓိက ဖြေရှင်းခဲ့ရတာမျိုးရှိခဲ့တယ်လို့ ပြောပါတယ်။တစ်နိုင်ငံလုံးနည်းတူ ရန်ကုန်ကတံတားကြီးကိုးစင်းမှာ တန်ပိုတင်ဆောင်တာတွေ မဖြစ်အောင် ၂၀၁၇ ဧပြီလ(၁) ရက်ကစပြီး တံတားဖြတ်သန်းခ ကောက်ခံတာရပ်တန့်ထားတာဖြစ်ပြီး အာဆီယံစံတွေနဲ့ အတူသတ်မှတ်ထားတဲ့ ၀င်ရိုးတွေနဲ့သာ ဖြတ်သန်းစေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ တန်လျှော့ဖြတ်သန်းစေမယ့် ကိစ္စမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။မြောင်းမြတံတားဖြစ်စဉ်ပြီးနောက်ပိုင်း ရန်ကုန်ပြည်သူတစ်ချို့ကတော့ ကွန်တိန်နာနဲ့ ကုန်တင်ယာဉ်တွေဖြစ်သန်းနေသလို မကြာခဏ တံတားပေါ်ထိ ယာဉ်ကြောပိတ်ဆို့မှုတွေရှိနေတဲ့ အောင်ဇေယျကြိုး တံတားအပါအ၀င် တံတားအချို့ရဲ့ကြံ့ခိုင်မှုကို ပြန်စစ်ပေးဖို့တောင်းဆိုမှုတွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။

 

 

 

Related News