ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီးမှာရှိတဲ့ ဧရိယာစတုရန်းဧက (၃၀၀)ခန့်ရှိတဲ့အမှိုက်ပုံဟာ ဧပြီလ(၂၁)ရက်နေ့လည်(၁၂)နာရီ (၃၀)အချိန်မှစတင်ပြီး မီးစတင် လောင်ကျွမ်းလျက်ရှိပါတယ်။ ဒီအမှိုက်ပုံမီးလောင်မှုဟာ မနေ့ကဧပြီလ(၂၃)ရက်အထိ သုံးရက်ဆက်တိုက် လောင်ကျွမ်းလျက် ရှိပါတယ်။ အခုလို မီးလောင်မှုဖြစ်ပွားတဲ့ ထိန်ပင်သုသာန်အနီးရှိအမှိုက်ပုံကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁၂)စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅၀)ဦး တို့နဲ့မီးငြှိမ်းသတ်လျှက်ရှိပါတယ်။ ဒီမီးလောင်မှုဟာ ဧပြီလ(၂၃)ရက် ညနေပိုင်းအထိ ငြိမ်းသွားခြင်းမရှိပဲ ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

မီးလောင်ပြင်မှာ ငြှိမ်းသတ်နေရတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေကို လူမှုကယ်ဆယ်ရေးအသင်းတွေမှ ရေသန့်ဗူးများဝေငှပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပါ ဆောင်ရွက်ပေးလျှက်ရှိတယ်လို့သိရပါတယ်။ဧရိယာစတုရန်းဧက(၁၀၀)ခန့် အမှိုက်ပုံမီးလောင်မှုကြောင့် မီးခိုးများအဆမတန်ထွက်ရှိနေပြီး မီးခိုးများကြောင့် လှိုင်သာယာမြို့နယ်၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း အစရှိတဲ့ လေလမ်းကြောင်းသင့်တဲ့မြို့နယ်တွေကိုလည်း မီးခိုးညှော်နံ့များ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။ အခုထွက်ပေါ်နေတဲ့မီးခိုးညှော်နံ့တွေကြောင့်ု လှိုင်သာယာမှာနေထိုင်တဲ့ ပြည်သူအများစုကလည်းအကြောင်းရင်းသိရှိအောင် လာရောက်ကြည့်ရှုကြတယ်လို့သိရပါတယ်။လူမှုကူညီကယ်ဆယ်ရေးအသင်းတွေအနေနဲ့လည်း အမှိုက်ပုံမီးလောင်ကျွမ်းမှုမှာ မီးငြှိမ်းသတ်နေတဲ့တပ်ဖွဲ့ဝင်တွေကို မုန့်များ၊ ဓါတ်ဆားရေများ၊ ထမင်းနဲ့ ရေသန့်ဗူးများ ထပ်မံ ကူညီပေးနိုင်ဖို့အတွက် ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တွေကို အကြောင်းကြား ထားပြီးဖြစ်တယ်လို့သိရပါတယ်။ ဧပြီလ(၂၃)ရက်မှာတော့ အရေးပေါ်လူနာတင်ယာဉ်(၅)စီးနဲ့ အဖွဲ့ဝင်(၄၀)ဦးတို့မှ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

 

 

Related News