နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ(၃၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် ဧပြီ ၂၆ ရက်က စင်္ကာပူနိုင်ငံကို ထွက်ခွာသွားတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဟာ စင်္ကာပူနိုင်ငံမှာကျင်းပမည့်(၃၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် ဧပြီ(၂၆)ရက်နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားတယ်လို့ သိရပါတယ်။
 
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ကြပါတယ်။ နိုင်ငံတော်သမ္မတနှင့်အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်တာဝန်ရှိသူများ လိုက်ပါသွားတယ်လို့လည်း သိရပါတယ်။ နိုင်ငံတော်သမ္မတသည် (၃၂)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ အခြားအာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ပါဝင်တက်ရောက်သွားမယ်လို့လည်း သိရပါတယ်။ 
 
 

Related News