မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကိုဖြတ်သန်းနေချိန်မှာ နိုင်ငံရဲ့ ပြောင်းလဲမှုတွေကို စနစ်တကျဆောင်ရွက်ကြိုးပမ်းနေကြရတာဖြစ်ပြီး ဒီအခြေအနေမှာ သတင်းမီဒီယာ လောကသားတွေဟာ အရေးကြီးတဲ့ ကဏ္ဍနယ်ပယ်မှာရှိနေတယ်လို့ မေလ(၁၁)ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့ မြန်မာစာနယ်ဇင်းသမဂ္ဂ (MJU) ရဲ့ နှစ်ပတ်လည်ညီလာခံအခမ်းအနားမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

သတင်းမီဒီယာလောကရဲ့ အတက်အကျ၊ လွတ်လပ်ခွင့်၊ ဆောင်ရွက်ခွင့်ဆိုတဲ့အခြေအနေတွေဟာ သတင်းမီဒီယာသမားတွေရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ အတတ်ပညာကျွမ်းကျင်မှုများနဲ့ သက်ဆိုင်နေတယ်လို့ ဆိုပြီးနိုင်ငံရဲ့ သတင်းမီဒီယာလောကကို မြှင့်တင်ဖို့လည်းလိုအပ်နေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောပါတယ်။မြန်မာစာနယ်ဇင်းသမဂ္ဂ(MJU) ကို (၂၀၁၂)ခုနှစ်သြဂုတ်လက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လွတ်လပ် သောသတင်းမီဒီယာအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့တာပါ။

(MJU) ကို သတင်းလွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ သတင်းသမားအားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ညီလာခံကို တစ်နိုင်ငံလုံးမှာရှိတဲ့ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့ကသတင်းသမားတွေကို ဖိတ်ခေါ်ပြီး ကျင်းပခဲ့တာလို့ သိရပါတယ်။

ဒီညီလာခံမှာအလုပ်အမှုဆောင်သစ်ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးမကြာမီမှာ မြန်မာ သတင်းမီဒီယာကောင်စီ ရွေးကောက်ပွဲအတွက် မြန်မာဂျာနယ်လစ်ယူနီယမ်က ကိုယ်စားလှယ် နှစ်ဦးတာဝန်ထမ်းဆောင်ရမှာဖြစ်တာကြောင့် အခုကျင်းပတဲ့ညီလာခံမှာပဲ ကိုယ်စားလှယ်နှစ်ဦးကို ရွေးချယ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာစာနယ်ဇင်းသမဂ္ဂ(MJU)အနေနဲ့ ထိန်းသိမ်းခံနေရတဲ့ သတင်းသမားတွေရဲ့ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးနေပြီး တရားရုံးတွေ အချုပ်တွေမှာ သွားရောက်အားပေးနေတယ်လို့ သိရပါတယ်။(MJU) အနေနဲ့ လက်ရှိမှာ  ရေဒီယိုဂျာနယ်လစ်ဇင်၊ မီဒီယာကျင့်ဝတ်၊ ရွေးကောက်ပွဲ သတင်းရယူခြင်းနဲ့ သတင်းရေးသားခြင်းသင်တန်းတွေလည်းပေးနေတယ်လို့ သိရပါတယ်။

 

 

Related News