ရန်ကုန်မြို့ပြအမွေအနှစ်တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံကို   အပန်းဖြေတာအပါအ၀င် အကြောင်းမျိုးမျိုးနဲ့ လာရောက်လာပတ်သူ နေ့စဉ်တစ်သောင်းဝန်းကျင် ရှိနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရပါတယ်။မဟာဗန္ဓုလပန်းခြံလို့ ဆိုလိုက်ရင်တော့ ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမ၊ ဆူးလေစေတီတော် တို့ကို တစ်သားတည်းမြင်တွေ့ရမှာဖြစ်ပြီး မြို့တော်ရဲ့ ပြယုဒ်တွေလို့လည်း ဆိုနိုင်ပါတယ်။ ဒီပန်းခြံမှာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နေ့မှာပဲ ၀န်ကြီးချုပ် ဦးနုက အုတ်မြစ်ချထားပေးခဲ့တဲ့ လွတ်လပ်ရေး ကျောက်တိုင်လည်း ရှိနေပါတယ်။ မဟာဗန္ဓုလပန်းခြံကို (၂၀၁၂)ခုနှစ်က ပြန်လည်ပြင်ဆင်၊ အဆင့်မြှင့်တင်ပြီးနောက်ပိုင်း ကလေးကစားကွင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့  နေရာနဲ့ ပစ်္စည်းတစ်ချို့ရှိနေပြီး အများပြည်သူကို အခမဲ့ဝင်ခွင့်ပေးထားပါတယ်။
 
မြို့တော်ရဲ့ အချက်အချာ နေရာတစ်ခုဖြစ်သလို သွားလာရေးလွယ်ကူတာကြောင့် မြို့တွင်းနေထိုင်သူတွေ အပါအ၀င် ကမ္ဘာလှည့်ခရီးသွားတွေအပါအ၀င် ခရီးသွားတွေ လာရောက်လည်ပတ်၊ အပန်းဖြေနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ နေ့စဉ်လာရောက်သူ တစ်သောင်းဝန်းကျင်ရှိနေတယ်လို့ ပန်းခြံတာဝန်ခံ ဦးကျော်သိန်းက ပြောပါတယ်။ဒီပန်းခြံဟာ မူလကဖိုက်စကွဲယားလို့ အမည်တွင်ခဲ့ပြီး နိုင်ငံသမိုင်းတစ်လျှောက်မှာ အရေးပါတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တယ်လို့လည်း ပန်းခြံကမ္ပည်းပြားမှာ ပါရှိပါတယ်။ ခေတ်အဆက်ဆက် ယဉ်ကျေးမှုဆိုင်ရာပွဲလမ်းတွေ ကျင်းပရာနေရာတစ်ခုဖြစ်သလို အများပြည်သူစုဝေးရာ နေရာတစ်ခုအဖြစ်လည်း တည်ရှိနေတာပါ။
 
ယနေ့ခေတ်မှာတော့ အစိုးရအပါအ၀င် အရပ်ဘက် အဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလတွေကနေ  ကျင်းပပြုလုပ်ပေးတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပွဲတွေ၊ ပြည်သူတွေရဲ့ဆန်္ဒထုတ်ဖော်မှုတွေ၊ ဆုတောင်းပွဲတွေကိုလည်း ပန်းခြံတွင်းနဲ့ ပန်းခြံအနီးတွေမှာ ပြုလုပ်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် ဒီပန်းခြံမှာ အပန်းဖြေသူတစ်ဦးကလည်း ပန်းခြံအပေါ် သူတို့ရဲ့အမြင်နဲ့ လာရောက်ဖြစ်တဲ့ အကြောင်းကိုလည်း ခုလိုပြောပါတယ်။ဒီပန်းခြံသန့်ရှင်းရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးတွေအတွက် ၀န်ထမ်းအင်အား (၂၀)ရှိပြီး လုံခြုံရေးအတွက်(၄)ဦးနဲ့ သန့်ရှင်းရေးအတွက်(၁၆)ဦး တာဝန်ခွဲဝေလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ဒီပန်းခြံမှာ  အမှိုက်စွန့်ပစ်မှုတွေအနေနဲ့ တစ်ရက်ကို လှည်း(၄)စီးခန့် ထွက်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒီပန်းခြံရဲ့သက်တမ်းဟာ နှစ်ပေါင်း(၁၄၀)ကျော်ရှိခဲ့ပြီး ခုဆို ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် မှတ်တမ်းဝင်ကမ္ပည်းပြား တပ်ဆင်ထားပြီးလည်း ဖြစ်ပါတယ်။
 
 
 

Related News