ရန်ကုန်မြို့တော်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေက စည်းကမ်းမဲ့မြေစာတွေစွန့်ပစ်တာကို အင်အားသုံးဖမ်းဆီးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက မေလ(၁၄)ရက်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၂၆)ရက်မြောက်နေ့ မှာ ပြောကြားလိုက်ပါတယ်။ရန်ကုန်မြို့တော်အတွင်း အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ ကားလမ်းတွေဘေးမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေက မြေစာတွေကို  စည်းကမ်းမဲ့စွန့်ပစ်ထားတာတွေ တွေ့ရှိနေရတယ်လို့ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီလိုစွန့်ပစ်တာတွေဟာ မြို့တော်ကိုညစ်ညမ်းစေသလို မထိန်းကြောင်းနိုင်တာတွေလည်း မြင်တွေ့နေရတယ်လို့မေလ(၁၄)ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက မေးခွန်းမေးမြန်းခဲ့ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖောင်ဒေးရှင်းမြေတူးဖော်ရာက ထွက်ပေါ်လာတဲ့မြေတွေကို စနစ်တကျစည်းကမ်းရှိစွာ ထားသိုနိုင်ဖို့မြေနေရာသတ်မှတ်ပေးဖို့ရှိမရှိကို ပန်းဘဲတန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမတ်ဦးသန်းနိုင်ဦးက မေးမြန်းခဲ့တယ်။

လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေက ထွက်ရှိလာတဲ့မြေတွေစွန့်ပစ်ဖို့ မြို့တော်စည်ပင်ကို အကြောင်းကြားရတာဖြစ်ပြီး စွန့်ပစ်ဖို့နေရာသတ်မှတ်ပေးပြီး ညအချိန်မှာ စွန့်ပစ်စေတယ်လို့ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက တည့်သွင်းဖြေကြားပါတယ်။  ဒီစွန့်ပစ်မြေစာတွေကို လမ်းပခုံဖြည့်တင်းတဲ့နေရာမှာပြန်လည်အသုံးပြုနေပြီး မြို့တွင်း(၃၃) မြို့နယ်က ပြည့်မီတဲ့အတွက်ကြောင့် အခြားမြို့စွန်လမ်းတွေမှာ ပုံစေတယ်လို့လည်းဆိုပါတယ်။ ဒီလို လုပ်ကိုင်ရာမှာ အလွဲသုံးစားမှုတွေရှိနေသလို စည်းကမ်းမဲ့စွန့်ပစ်တာတွေကို ဖမ်းဆီးအရေးယူတာတွေလည်းရှိတယ်လို့ပြောပါတယ်။ စောင့်ဖမ်းတာတွေလည်းရှိပေမယ့် ညအချိန်ဖြစ်လို့ ရန်ပြုခံနေရတာကြောင့် အင်အားလိုအပ်နေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ဒီအတွက်  စီမံချက်ဆွဲထားပြီး အင်အားသုံးဖမ်းဆီး အရေးယူသွားမယ်လို့မေးခွန်းကို ဖြေကြားပါတယ်။ဒါ့ပြင်ဒီလိုစွန့်ပစ်တာတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးယူ ဆောင်ရွက်ခွင့်ရှိတာကို အရေးမယူရင်လည်း သူတို့ကိုထပ်ဆင့်အရေးယူဖို့ မင်္ဂလာတောင်ညွန့်မြို့နယ် အမတ် တိုက်တွန်းခဲ့ပါတယ်။ဒီစွန့်ပစ်မြေစာတွေကို ည(၉)နာရီကနေ မနက်(၅)နာရီအတွင်း စွန့်ပစ်စေပြီး ယာဉ်တွေကိုလည်း ကုမ်္ပဏီအမှတ်တံဆိပ်တွေ တပ်ဆင်ထားဖို့၊ လမ်းတွေကို မညစ်ညမ်းစေဖို့စတဲ့စည်းကမ်းချက်တွေ ချမှတ်ပေးထားတယ်လို့ မြို့တော်ဝန်ကပြောပါတယ်။

လမ်းပေါ်မှာ ဖိတ်ကျရင် ဒဏ်ကြေးငွေ(၁၀)ဆ ထမ်းဆောင်ခိုင်းထားပြီး စွန့်ပစ်ဖို့ လမ်းကြောင်းတွေ လာရောက်လျှောက်ထားကတည်းက ဒီအချက်တွေ ဖြစ်ပေါ်လာရင်စည်းကမ်းနဲ့ အညီအရေးယူမယ်ဆိုတာကို ကတိခံဝန်ချက်ယူထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ(၆၈)နဲ့ မြေကြီးသည်ယာဉ်(၄)စီးကို ဒဏ်တပ်အရေးယူမှုကျပ်ငွေ(၂၃၀၀၀၀)အရေးယူခဲ့တယ်လို့ သိရပါတယ်။

 

 

 

Related News