၂၀၁၆-၂၀၁၇ခုနှစ်ဘဏ္ဍာနှစ်အတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အလှူငွေရရှိမှုဟာ  ကျပ်ဘီလီယံပေါင်း (၆၇)သိန်းနှင့် အမေရိကန်ဒေါ်လာ(၁၅၂)သိန်းရှိနေပြီး တစ်နှစ်ဘဏ်တိုးကလည်း ကျပ်သိန်းပေါင်း(၄၈၀၀)နီးပါးရှိတယ်လို့ မေလ(၁၆)ရက်က ပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။
 
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကပြည်တွင်းက အလှူငွေကျပ်ဘီလီယံ(၆၇)သိန်းကျော်နဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၁၅၂)သိန်းကျော်ရရှိခဲ့ပြီး  ဒီအလှူငွေတွေကို မြန်မာ့စီးပွားရေး ဘဏ်အသီးသီးမှာ အပ်နှံထားတာဖြစ်ပါတယ်။ ဒါ့ပြင် စေတီတော်ကြီးရဲ့ ငွေစုစာအုပ်တွေက အတိုးရရှိတဲ့အခြေအနေဟာလည်း အတိုးပေါင်း ကျပ်သိန်းပေါင်း(၄၈၀၀)နီးပါးရှိတာပါ။
 
ဒီအလှူဘဏ္ဍာငွေတွေကို  ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ စည်းမျဉ်းပါ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းအတိုင်း တိကျစွာ ဂေါပကအဖွဲ့က ဆုံးဖြတ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့ပါတယ်။ နှစ်စဉ် ဇန်န၀ါရီလကနေ ဒီဇင်ဘာလအထိကို အစိုးရ၀န်ကြီး ဌာနတွေနည်းတူ ဘတ်ဂျတ်ရေးဆွဲ အတည်ပြုပြီး ပြက္ခဒိန်နှစ်ကုန်ဆုံးချိန်မှာ ဘဏ္ဍာငွေလိုအပ်ချက်အရ ခေါင်းစဉ်လွှဲပြောင်းသုံးစွဲတာ၊  ပိုငွေပြန်လည် အပ်နှံတာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ 
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်အပါအ၀င် ဘုရားစေတီတွေမှာ ဝေယျာဝစ်္စစီမံဆောင်ရွက်နေတဲ့ ဂေါပကအဖွဲ့ဝင်လူကြီးတွေအနေနဲ့ ဘုရားဖူးပြည်သူတွေ အဆင်ပြေစေရေးနဲ့ ရရှိတဲ့အလှူငွေတွေကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနဲ့အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် အရည်အချင်း ပြည့်ဝတဲ့ ပုဂ်္ဂိုလ်တွေရရှိစေဖို့ တိုင်းအစိုးရအဖွဲ့အနေနဲ့ ဘယ်လိုစီမံဆောင်ရွက်ရွေးချယ် ဖွဲ့စည်းထားသလဲ ဆိုတာကို ဒဂုံမြို့နယ်မဲဆန်္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့တာပါ။
 
ရွှေတိဂုံစေတီတော်၊ ဆူးလေ၊ ကမ်္ဘာအေး၊ ဗိုလ်တထောင်၊ စွယ်တော်မြတ်စေတီဘုရားတွေကရရှိတဲ့ အလှူငွေတွေ၊ ဒီအလှူငွေတွေ အပ်နှံထားတဲ့ ဘဏ်နဲ့ ဘဏ်တိုးငွေ လျာထားတန်ဖိုးတွေလည်း မေးမြန်းခဲ့ပါတယ်။ စေတီတော်ကြီးရဲ့ နေ့စဉ်အလှူငွေရရှိမှုဟာ ကျပ်သိန်း(၁၀၀)ကနေ(၃၀၀)နဲ့ အထက်ရှိ နေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့နှစ် ၂၀၁၇ခုနှစ်အတွင်း စေတီတော်ရဲ့ ရွှေလေလံဈေးနှုန်းဟာ ကနဦးကြမ်းခင်းဈေး ကျပ်သိန်း(၆၀၀၀)နဲ့ ဖွင်ခဲ့ပြီး ဓာတ်ပုံလေလံကတော့  ကျပ်သိန်း(၃၉၀၀)နဲ့ ဖွင့်ခဲ့တယ်လို့လဲ သိရပါတယ်။ စေတီတော်ကြီးရဲ့ ငွေစာရင်းတွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ တာဝန်ပေးချက်အရ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက နှစ်စဉ်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ 
 
 
 
 

Related News