မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းကို ကန့်ကွက်နေတာမဟုတ်ပဲ ဆိပ်ကမ်းလုပ်ငန်းတွေကို မထိခိုက်စေမယ့် တံတားပုံစံသာ တည်ဆောက်နိုင်ရန် အကြံပြုတောင်းဆိုတာတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ဇွန်လ(၁၁)ရက်က သတင်းမီဒီယာများနဲ့တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ ဇင်ဝင့်သူဇော် တင်ဆက်ပေးမှာပါ။ပြီးခဲ့တဲ့ ခြောက်နှစ်ကျော်တည်းကစတင်ခဲ့တဲ့ ရန်ကုန် - ဒလ မြစ်ကူးတံတားစီမံကိန်း နှောင့်နှေးကြန့်ကြာနေရတဲ့ အကြောင်းရင်းက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ အကြံပြုတောင်းဆိုမှုတွေကြောင့်မဟုတ်ဘူးလို့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ပြောကြားလိုက်ပါတယ်။ ယခုတည်ဆောက်မယ့် ရန်ကုန် - ဒလ မြစ်ကူးတံတားက ဆိပ်ကမ်းလုပ်ငန်းတွေ ပြုလုပ်နေတဲ့ ရေပြင်ဧရိယာကိုကန့်လန်ဖြတ်ပြီး ပေါ်ပေါက်လာမှာဖြစ်တာကြောင့်  ဆိပ်ကမ်းလုပ်ငန်းများ လုပ်တဲ့နေရာမှာ အဟန့်အတားမဖြစ်စေတဲ့ တံတားပုံစံတည်ဆောက်ရန်သာ အကြံပြုတင်ပြခဲ့တာဖြစ်တယ်လို့ ၄င်းက ထပ်မံပြောဆိုပါတယ်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တံတားဒီဇိုင်းကို ပြုပြင်ပေးရန် ညှိနှိုင်းခဲ့တာ လေးကြိမ်နှင့်အထက်ရှိနေပြီး ယခုနှစ် ဖေဖော်ဝါရီလပိုင်းက နောက်ဆုံး အကြံပြုတင်ပြထားကြောင်းသိရပါတယ်။ တံတားရဲ့ ရေလမ်းကင်းလွတ် အမြင့်ပေကို ၄၉ မီတာအဖြစ် ညှိနှိုင်းခဲ့တာ အဆင်ပြေပေမယ့် တံတားကို ရေလယ်တိုင်နှစ်ခုထားပြီး တည်ဆောက်မယ့် ဒီဇိုင်းပုံစံက ဆိပ်ကမ်းဆိုက်မယ့် ရေယာဉ်သင်္ဘောကြီးတွေ သွားလာရခက်သွားနိုင်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ပြောပါတယ်။ကိုရီးယား- မြန်မာ ချစ်ကြည်ရေးအနေနဲ့ တည်ဆောက်မယ့် ရန်ကုန် - ဒလမြစ်ကူးတံတားကို အမြန်ဆုံးတည်ဆောက် နိုင်ရေးအစည်းအဝေးကို ဒလမြို့ခံတွေက ဇွန်လ(၃) ရက်က ပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲကိုလည်း ဇွန်လ(၁၇)ရက်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News