ကမ္ဘာလှည့် ခရီးသွားတွေပိုမိုလာရောက်စေဖို့အတွက် ပြည်တွင်းက ဟိုတယ်အခန်းခ ဈေးနှုန်းတွေနဲ့ သယ်ယူပို့ဆောင်ရေး ဈေနှုန်းတွေဟာ နိုင်ငံတကာဈေနှုန်းတွေထက်မပိုဖို့ လိုအပ်တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။ ပြည်တွင်းကို ကမ္ဘာလှည့်ခရီးသွားတွေပိုမိုလာရောက်စေဖို့အတွက် မြန်မာနိုင်ငံဟာလည်ပတ်ဖို့ကောင်းတဲ့ ခရီးစဉ်ဒေသတစ်ခု ဖြစ်တယ်ဆိုတာ ကမ္ဘာကပိုမိုသိရှိစေဖို့ ဈေးကွက်မြှင့်တင်မှုတွေပြုလုပ်ပြီး နိုင်ငံတကာကို ကြော်ငြာသွားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် ပုံမှန်ရှိပြီးသား ခရီးစဉ်ဒေသများကိုလည်း အရည်အသွေးပိုမိုဖွံ့ဖြိုးအောင်လုပ်ဆောင်ပြီး နိုင်ငံတကာအဆင့်မီဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒုတိယသမ္မတက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ခရီးသွားဧည့်သည်တွေ ၀င်ရောက်မှုလွယ်ကူစေရေးအတွက် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်တွေ၊ ဆိပ်ကမ်းတွေအပါအ၀င် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်တွေကို တိုးချဲ့ဖွင့်လှစ်တာတွေ လုပ်ဆောင်နေပါတယ်။

ဒီလိုဆောင်ရွက်နေတာတွေအပြင် ဗီဇာစနစ်ပြင်ဆင်တာတွေ၊ ဗီဇာကြေးလျှော့ချတာတွေ၊ ဗီဇာကင်းလွတ်ခွင့်ပေးတာ စတာတွေနဲ့ ခရီးသွား ဧည့်သည်တွေ တိုးမြှင့်လာရောက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား၂ဒဿမ၉သန်းဝင် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာတော့ ကမ္ဘာလှည့်ခရီးသွား၃ ဒဿမ ၄၄ သန်း လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။ 

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုလာရောက်စေဖို့အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကွန်းဖရင့် -၂၀၁၈ကို ဇွန်လ ၁၂ရက်က နေပြည်တော်မှာရှိတဲ့ (MICC-2)မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

 

 

Related News