ရန်ကုန်မြို့ သံဈေး (၅)လွှာမှာဖွင့်လှစ်ထားတဲ့ Yangon Book Plaza ရဲ့ စာအုပ်ရောင်းချမှုအခြေအနေဟာ  မိုးကာလ အတွင်း စာအုပ်ထုတ်ဝေတာတွေနည်းတာကြောင့်   စာအုပ်အရောင်းအ၀ယ်လည်းအေးနေတယ်လို့ Yangon Book Plaza တည်ထောင်သူ စာရေးဆရာ မြေမှုန်လွင်က ပြောပါတယ်။ 

Yangon Book Plaza ကို (၂၀၁၇)ခုနှစ် မတ်လကတည်ထောင်ခဲ့ပြီး စတင်တည်ထောင်စဉ်အချိန်ကနေ လက်ရှိအချိန်အထိ စာအုပ်ရောင်းချမှုဟာ အစိုးရရုံးပိတ်ရက်တွေနဲ့ ဈေးရောင်းပွဲတော်ရက်တွေမှသာ ရောင်းချရမှု ပိုမိုများပြားတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ နည်းပညာဖွံ့ဖြိုးတိုးတက်လာတာကြောင့် စာပေဖတ်ရှုသူ နည်းပါးလာတဲ့အတွက် စာအုပ်တွေရောင်းချရမှု အခြေအနေတွေ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ 

စာအုပ်ရောင်းအား အခြေအနေကတော့ ပုံမှန်ရာသီတွေထက်စာရင် မိုးတွင်းမှာတော့ ရောင်းအားနည်းတယ်လို့ မြေမှုန်လွင်ကပြောပါတယ်။Yangon Book Plaza ကို စာအုပ်လာရောက်ဝယ်ယူ အများစုကတော့ အသက် (၂၀)ကနေ အသက်(၃၀)ကြား လူငယ်တွေလာရောက်ဝယ်ယူတာများပြားပြီး  ဘာသာပြန်စာအုပ်တွေပိုပြီး ဝယ်ယူလာကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ကလေးတွေအကြိုက် ပုံပြင်စာအုပ်တွေရောင်းရပြီး မဂ္ဂဇင်းစာအုပ်တွေကတော့ သိပ်မရောင်းရဘူးလို့သိရပါတယ်။ Yangon Book Plaza မှာ စာအုပ်ဆိုင်ပေါင်း (၂၀)ကျော်ရှိပြီး ဒီ စာအုပ်အရောင်းဆိုင်တွေရဲ့ ရောင်းချရမှု အနေအထားဟာ ဈေးရောင်းပွဲတော်ရက်တွေမှသာ ရောင်းအားပိုကောင်းတယ်လို့ သိရပါတယ်။ 

ယခုလာမယ့် ဇူလိုင်လကုန်မှာ Yangon Book Plaza ရဲ့ ငါတို့စာပေစာအုပ်တိုက်က စာအုပ်တွေကို ၂၀ရာခိုင်နှုန်းကနေ (၃၀)ရာခိုင်နှုန်းအထိဈေးလျှော့ ရောင်းချသွားဖို့ရှိတယ်လို့သိရပါတယ်။

 

 

Related News