အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် တတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ(၁၂)ရက်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

(၂၀၁၈)ခုနှစ်၊ ဇွန်လ(၂၆)ရက်မှာကျရောက်မယ့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။  ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနသာင်္ရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးအပါအ၀င် နယ်ခြားစောင့်တပ်နဲ့ အမြန်လမ်းမကြီးတွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို လှိုင်သာယာမြို့နယ်၊ အဝေးပြေးကုန်တင်ယာဉ်ရပ်နားကွင်းမှာ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်သွားမှာပါ။ 

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ပြီးခဲ့တဲ့ ဇွန်လ(၂)ရက်နဲ့ (၃)ရက်က အ.ထ.က(၂)လသာနဲ့ သတင်းနှင့်အချက်အလက်နည်းပညာတက္ကသိုလ်မှာ   မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်တဲ့ ပန်းချီ၊ ကာတွန်း ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မူလတန်း၊ အထက်တန်း၊ အလယ်တန်းအဆင့်ရှိတဲ့ ကျောင်းသူ၊ကျောင်းသားတွေရဲ့ သရုပ်ဖော်ရေးဆွဲယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သူတွေကို ဇွန်လ(၂၆)ရက်မှာ ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။ 

 မူးယစ်ဆေးဝါးဟာ လူမှုရေး၊ စီးပွားရေးသာမက ကျန်းမာရေးအရပါထိခိုက်စေတာကြောင့် လူငယ်ထုအတွင်း သိရှိစေဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ NGO အဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါးကို ဆန့်ကျင်တဲ့အသင်းအဖွဲ့တွေနဲ့ အခြားမိတ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မြို့နယ်တွေရှိ ကျောင်းတွေ၊ရပ်ကွက်တွေမှာ အသိပညာပေးဟောပြောပွဲတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

 

 

 

 

Related News