ဇွန်လ(၁၃)ရက်နေ့ မနေ့က အောင်ဆန်းကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲစဉ်မှာ မကွေးအသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။(၂၀၁၈)ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဘောလုံးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ အသင်းကြီးတွေဖြစ်တဲ့ ဧရာဝတီ ယူနိုက်တက်အသင်းနဲ့ မကွေးအသင်းတို့ တွေ့ဆုံခဲ့ပါတယ်။

ဒီပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိကကစားသမား တွေနဲ့ ပွဲထွက်လာခဲ့ပြီး  ပွဲကပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဧရာဝတီယူနိုက်တက်အသင်းက ကွင်းလယ်နဲ့ရှေ့တန်းချိတ်ဆက်ရာမှာ အပျက်တွေများနေခဲ့ပြီး မကွေးအသင်းက ရရှိတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ တစ်ဂိုးဂိုးမရှိနဲ့ မကွေးအသင်း ကဦးဆောင် ကစား နိုင်ခဲ့ပါတယ်။ ဒုတိယ ပိုင်းပွဲချိန်(၅၇)မိနစ်မှာ မကွေးအသင်းက နောက်ထပ်ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အဲဒီနောက် မှာ ဧရာဝတီယူနိုက် တက်အသင်းကစားပုံပိုမိုကောင်းမွန်လာခဲ့ပါတယ်။ပွဲချိန်(၅၉)မိနစ်နဲ့ (၇၅)မိနစ်မှာ ဧရာဝတီ ယူနိုက်တက်အသင်း ချေပဂိုး(၂)ဂိုးသွင်းယူခဲ့ပြီး ပွဲကစားချိန်မိနစ်(၉၀)အပြီးမှာ တစ်ဖက်(၂)ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ပါတယ်။

အချိန်ပိုမှာလည်း သရေကျနေတဲ့ အတွက် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ မကွေးအသင်းက ဧရာဝတီယူနိုက်တက်အသင်းကို (၁၂)ဂိုး(၁၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီး ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့GFAအသင်းတို့ပွဲစဉ်မှာ ရန်ကုန်ယူနိုက် တက်အသင်းက (၂)ဂိုးဂိုးမရှိနဲ့အနိုင်ရရှိပြီး နောက်တဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ကွင်းအဝေးကွင်း (၂)ကျော့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မကွေးအသင်းက ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။အခုပြည်တွင်းသတင်းများကို ဒီမှာရပ်နားမှာ ဖြစ်ပါတယ်။ 

 

Related News