လျှပ်စစ်ရှော့ခ်ရိုက်တာ ဖမ်းဆီးတာအပါအ၀င် ဧရာဝတီလင်းပိုင်တွေကို ထိခိုက်စေတဲ့ ဥပဒေပြင်ပ ငါးဖမ်းနည်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ချို့အား တင်းကျပ်တဲ့ပြစ်မှုပြစ်ဒဏ်တွေနဲ့ သေချာစစ်ဆေးအရေးယူဖို့ လိုအပ်နေတယ်လို့ မန္တလေးတိုင်း စဥ့်ကူးမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်အမတ်က ပြောပါတယ်။မန္တလေးနဲ့စစ်ကိုင်းကြား ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာတော့ အဖွဲ့တစ်ချို့ဟာ တရားမ၀င်ငါးဖမ်းနည်းတွေ အသုံးပြုနေသလို သတင်းပေးသူတွေကိုလည်း ခြိမ်းခြောက်တာတွေရှိနေတယ်လို့စဉ့်ကူးမဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒီလူတစ်စုနဲ့ ပတ်သက်ပြီး မကြာခဏ အရေးယူမှုတွေ ရှိပေမယ့် လပိုင်းအတွင်း ပြန်လည်လွတ်မြောက်ပြီးနောက် ဥပဒေပြင်ပငါးဖမ်းတာတွေ လုပ်ကိုင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။စစ်ကိုင်းတံတားအနီးမှာရှိတဲ့ ဒီလူတစ်စုဟာ တုတ်၊ ဓားလက်နက်တွေ ကိုင်ဆောင်ထားသလို အင်ဂျင်ပါဝါအားကြီးတဲ့ စက်လှေတွေနဲ့ လုပ်ဆောင်နေတာကြောင့် တစ်ခါတရံ လိုက်လံဖမ်းဆီးပါက ထွက်ပြေး လွတ်မြောက်တာတွေလည်းရှိ နေတယ်လို့ ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကတော့ ဒါနဲ့ပတ်သက်ပြီး ဥပဒေအရ ပိုမိုတင်းကြပ် နိုင်ဖို့နဲ့ တင်းတင်း ကြပ်ကြပ် အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်မယ်လို့သိရပါတယ်။ဧရာဝတီလင်းပိုင်တွေရဲ့ ကျက်စားရာနေရာ ရွှေ့ပြောင်းလာမှုတွေအပြင် ရှော့ခ်ရိုက်ငါးဖမ်းတာ၊ သတ်မှတ်ချက်ထက် ကြီးတဲ့ ပိုက်အကြီးတွေနဲ့ ငါးဖမ်းတာတွေကြောင့်လည်း နောက်ပိုင်းနှစ်တွေမှာ ဧရာဝတီလင်းပိုင်အရေအတွက် သိသိသာသာလျော့ကျလာခြင်း မရှိပေမယ့် မြစ်ရိုးတစ်လျှောက် တွေ့ရှိရမှုကတော့ အရင်ထက်နည်းပါးလာတယ်လို့  ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ ဦးမောင်မောင်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း သေဆုံးခဲ့တဲ့ ဧရာဝတီလင်းပိုင်တွေထဲမှာ ရှော့ခ်ထိလို့သေဆုံးခဲ့မှုလည်းပါဝင်ခဲ့တယ်လို့ ဒေသခံ ရေလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။လက်ရှိမှာ မင်းကွန်းနဲ့ ကျောက်မြောင်းကြား ၇၂ကီလိုမီတာကို ဧရာဝတီလင်းပိုင်းထိန်းသိမ်းရေး ဧရိယာ အဖြစ်သတ်မှတ် ထားပါတယ်။ ငါးလုပ်ငန်းဦးစီးနဲ့WCS ရဲ့ ဖေဖော်ဝါရီမှာနောက်ဆုံးကောက်ယူထားတဲ့ မန္တလေးကနေ ဗန်းမော်အထိ ဧရာဝတီလင်းပိုင် သုတေသနစစ်တမ်းအရ သားပေါက်မှုတွေတွေ့ခဲ့ရပြီး ၂၀၁၇က တွေ့ရှိတဲ့ (၆၉) ကောင်ထက် ခုနှစ်ကောင် တိုးလာကာ (၇၆)ကောင်ရှိတယ်လို့ထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာတော့ (၃)ကောင် သေဆုံးခဲ့သလို ၂၀၁၄နောက်ပိုင်း (၈)ကောင် ထက် မနည်း သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

 

 

Related News