လူဦးရေ တစ်သိန်းခွဲ ဝန်းကျင်နေထိုင်လျက်ရှိတဲ့ ဒလမြို့နယ်မှာ သွားလာရေးအတွက် ရေကြောင်းလမ်းကိုသာ အားထားနေရပေမယ့် မိုးတွင်းမှာဆိုရင် သမ္ဗာန်တွေနဲ့သွားလာရတာ စိတ်ချလုံခြုံမှု မရှိကြောင်း ဒလပြည်သူတွေက ပြောပြပါတယ်။ 

ဒလပြည်သူတွေက ရေကြောင်းခရီးကို အသုံးပြုနေတာ အသားကျနေပြီဖြစ်ပေမယ့် မိုးတွင်းကာလမှာတော့ ရာသီဥတု အပြောင်းအလဲကြောင့် သမ္ဗာန်တွေ တိမ်းမှောက်မှာကို စိုးရိမ်နေရတယ်လို့ ပြောကြပါတယ်။ သင်္ဘောနဲ့ သမ္ဗာန်နှစ်ခု ရွေးချယ်သွားလာလို့ရပေမယ့် သမ္ဗာန်ဆိပ်တွေက ရပ်ကွက်အနီးမှာ ရှိပြီး အချိန်စောင့်စရာမလိုတာကြောင့် ဒလနေ ပြည်သူအများစုက စက်တပ်သမ္ဗာန်တွေနဲ့ပဲ သွားလာနေကြတာပါ။ 

စက်တပ်သမ္ဗာန်တွေမှာ အသက်ကယ်ဝတ်စုံတွေ ဝတ်ဖို့ နှိုးဆော်ပေမယ့် ခရီးကြာမြင့်ချိန်က ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ် ဝန်းကျင်သာရှိတာကြောင့် ဒီဝတ်စုံတွေကို ယူမဝတ်မိကြဘူးလို့ ဒလမြို့နယ်က ဒေသခံတွေက ဆိုပါတယ်။ ဒေသခံတွေကတော့ အခုလိုမျိုး မိုးတွင်းမှာ သွားလာရခက်နေတာကို ဖြေရှင်းပေးမယ့် တံတားတစ်စင်းတော့ အမြန်ဆုံး တည်ဆောက်ပေးစေလိုကြောင်း ပြောကြပါတယ်။ 

ဒလမြို့နယ် ကမာကဆစ်ဈေးမှာ ပန်းရောင်းချနေတဲ့ အဘွားကတော့ ဈေးမှာ ရောင်းချဖို့ ပန်းတွေကို သီရိမင်္ဂလာဈေးမှာ သွားယူနိုင်ရန် သမ္ဗာန်ကို အားကိုးနေရသူဖြစ်ပါတယ်။ တစ်ပတ်မှာ သုံးလေးရက်နီးပါး သမ္ဗာန်ကို အသုံးပြုနေရတာကြောင့် ဘုရားစာရွတ်ပြီး သွားလာနေရတယ်လို့ အဘွားက သူ့ရဲ့ ခံစားချက်တွေကို ပြောပြပါတယ်။ 

ဇွန်လ ၁၃ ရက်ကလည်း ဒလမြို့နယ်၊ ကမာကသွယ် သမ္ဗာန်ဆိပ်မှ စက်တပ်သမ္ဗာန်တစ်စီး ညရှစ်နာရီခန့်က တိမ်းမှောက်ခဲ့တာကြောင့် လူလေးဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးအလောင်းတွေကို ရှာဖွေနေရဆဲဖြစ်ပါတယ်။ ဒလမြို့နယ်မှာ ရပ်ကွက် ၂၄ ခုနဲ့ ကျေးရွာ ၅၄ ရွာရှိပေမယ့် သင်္ဘောဆိပ်တစ်ခုသာရှိပြီး ပြည်သူအများစုကတော့ ရပ်ကွက်နဲ့နီးတဲ့နေရာတွေမှာ ဖွင့်လှစ်ထားတဲ့ သမ္ဗာန်ဆိပ်ကမ်း ၁၁ ခုကို အားကိုးပြီး ရန်ကုန်တစ်ဖက်ခြမ်းကို သွားလာနေကြတာပါ။ ဒလမြို့နယ် ကမာကဆစ် ရပ်ကွက်ကနေ ဘုန်းကြီးလမ်းကို ဖြတ်သန်းတည်ဆောက်မယ့် ရန်ကုန်ဒလ မြစ်ကူးတံကား စီမံကိန်းကလည်း တံတားဒီဇိုင်းတွေကို ပြုပြင်ညှိနှိုင်းနေဆဲလို့သိရပါတယ်။ 

 

 

 

 

Related News