ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ချင်းချိတ်ဆက်တဲ့ယာဉ်လိုင်းတွေ ပြေးဆွဲပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ ဒီလိုပြေးဆွဲရာမှာတော့ မီနီဘတ်စ်ကားတွေအသုးံပြုပြေးဆွဲသွားမှာဖြစ်တယ်လို့ပြောပါတယ်။သက်စိုးအောင်က တင်ဆက်ပေးမှာပါ။

ဇွန်လ(၁၈)ရက်က ကျင်းပပြုလုပ်တဲ့  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီရဲ့ မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ မြို့နယ်တွင်းပတ် YBS ယာဉ်လိုင်းတွေမရှိသေးပေမယ့် မြို့နယ်ချင်းချိတ်ဆက်ပြီးပြေးဆွဲသွားမယ့် YBSယာဉ်လိုင်းတွေကို စီစဉ်နေဆောင်ရွက်နေပြီး လမ်းတွေရဲ့အနေအထားအရ မီနီဘတ်စ်ယာဉ်လိုင်းတွေနဲ့သာ ပြေးဆွဲရမှာ ဖြစ်တယ်လို့ပြောပါတယ်။

ဒီအတွက် မီနီဘတ်စ်ယာဉ်လိုင်းတွေနဲ့ညှိနှိုင်းသွားမှာဖြစ်ပြီး လမ်းတွေကိုလည်း စီမံချက်ချပြင်ဆင်ကာ ပြေးဆွဲသွားရမှာဖြစ်တယ်လို့ ၀န်ကြီးက ပြောပါတယ်။ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ရိုးမရိပ်သာကနေ ကြည်စုအနောက်၊ သိန်းတစ်ရာလမ်းမကြီးက ရပ်ကွက် အတွင်းပိုင်းတွေ၊ ပုလဲရတနာလမ်း၊ အောင်ဇေယျလမ်းမကြီးနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ကနေ ဒဂုံတက္ကသိုလ်စတဲ့နေရာတွေကို YBSယာဉ်လိုင်းတွေ ပြေးဆွဲပေးဖို့ရှိမရှိကို ဦးညီညီက မေးမြန်းခဲ့တာပါ။

လက်ရှိ (၅၉)ယာဉ်လိုင်းကိုလည်း ကိုယ်စားလှယ်တွေရဲ့တောင်ဆိုမှုတွေကြောင့် လမ်းကြောင်းတွေတိုးချဲ့ ပြေးဆွဲဖို့ ဆောင်ရွက်ပေးသွားမယ်လို့ ၀န်ကြီးကပြောပါတယ်။ YBS စတင်ပြေးဆွဲစဉ်က တိုင်းဒေသကြီးအတွင်းမှာ ယာဉ်လိုင်းပေါင်း(၆၀)ကျော်သာရှိခဲ့ပေမယ့် လက်ရှိမှာ တော့ ယာဉ်လိုင်းပေါင်း(၁၀၀) ၀န်းကျင်ရှိလာပြီးလည်းဖြစ်ပါတယ်။

 

 

Related News