မိုးတွင်းကာလမှာ လေကြောင်းခရီးစဉ်နဲ့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ နှစ်နဲ့ ကာလတူနှိုင်းယှဉ်ပါက(၃၀)ရာခိုင်နှုန်းလျော့နည်းသွားတယ်လို့ MAI လေကြောင်းလိုင်းနဲ့ Air KBZ  လေကြောင်းလိုင်းမှ တာဝန်ရှိသူကေ ပြောပါတယ်။ MAI လေကြောင်းလိုင်းနဲ့ Air KBZ  လေကြောင်းလိုင်းအနေနဲ့ မိုးတွင်းကာလမှာ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်ဖို့အတွက် Green Season ဆိုပြီး အထူးလျှော့ဈေးတွေနဲ့ ပြုလုပ်ပေးနေပေမယ့် မိုးတွင်းကာလတွေဖြစ်တဲ့ မေလနဲ့ ဇွန်လတွေမှာတော့ မနှစ်ကကာလတူနှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှု(၃၀)ရာခိုင်နှုန်းလျော့နည်းနေတယ်လို့ သိရပါတယ်။ 

Green Season ကိုလည်းသက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ Tourism အသင်းတွေပူးပေါင်းပြီး နိုင်ငံခြားသားတွေအတွက်ရည်ရွယ်ပြီး မိုးရာသီမှာ စိမ်းစိုတဲ့နေရာဒေသတွေ သွားလာနိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ ပြည်တွင်းမှာ ပုဂံ ၊ငပလီ ၊ ဟဲဟိုး ၊ မန္တလေး စတဲ့နေရာတွေကို အများဆုံးသွားရောက်ကြတယ်လို့ သိရပါတယ်။ ပြည်တွင်းကို နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှုနည်းပါးပေမယ့် မြန်မာနိုင်ငံသားတွေကတော့ ခရီးသွားမှု ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေကလည်း ရုံးပိတ်ရက်တွေမှာ မိသားစုအလိုက် ပုဂံ ၊ ဟဲဟိုး၊ မန္တလေးစတဲ့နေရာတွေကို အရင်နှစ်ကထက် ဒီနှစ်မှာ သွားရောက်လည်ပတ်မှုပိုများလာတယ်လို့ သိရပါတယ်။ လေကြောင်းလိုင်းတွေ၊ Tourismအသင်းတွေအနေနဲ့ နောက်နှစ်မိုးတွင်းကာလရောက်ရင်လည်း နိုင်ငံခြားသားခရီးသည် ပိုမိုများပြားလာအောင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။လက်ရှိ MAI လေကြောင်းလိုင်းအနေနဲ့ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဘန်ကောက်၊စင်ကာပူ၊ကွမ်ကျိုး၊ ကလကတ္တား စတဲ့မြို့တွေကို ပျံသန်းပြေးဆွဲပေးနေပြီး Air KBZ လေကြောင်းလိုင်းအနေနဲ့တော့ ပြည်တွင်းမှာရှိတဲ့ အထင်ကရမြို့ကြီးများကိုပျံသန်းပြေးဆွဲလျှက်ရှိတယ်လို့ သိရပါတယ်။

 

 

Related News