ဇွန်လ(၂၆)ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျတ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ဒီကနေ့ ဇွန်လ(၂၁)ရက်နံနက် (၉)နာရီက အ.ထ.က (၄) တာမွေမှာ ပြုလုပ်ခဲ့ပါတယ်။ သဘာဝအလျောက်မူးယစ်ဆေးဝါးများ၊ တစ်စိတ်တစ်ပိုင်းလူတို့ကပြုလုပ်တဲ့ မူးယစ်ဆေးဝါး ဘိန်းဖြူ ဘိန်းမဲ ဘိန်းညိုများနဲ့ လူက ပြုပြင်ထုတ်လုပ်ထားတဲ့ စိတ်ကြွမူးယစ်ဆေးများအစရှိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ဆိုးကျိုးတွေကို  မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုက ကျောင်းသူတွေ သိရှိနားလည်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဟောပြောခဲ့တာဖြစ်ပါတယ်။ 

မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုက ရန်ကုန်တိုင်းမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကျောင်းအခြေပြုဖျော်ဖြေပေးရန်၊ အသိပညာပေးရန်စတဲ့ မူဝါဒအတိုင်း ပုဂ္ဂလိကကျောင်းတွေမှာလည်း ကျောင်းသူ၊ကျောင်းသားတွေကိုအသိပညာပေးဟောပြောပွဲတွေနဲ့ ပြည်သူ့စကားဝိုင်းတွေ ပြုလုပ်ပေးနေတယ်လို့သိရပါတယ်။

အခုလို မူးယစ်ဆေးဝါးဆိုင်ရာဟောပြောပွဲတွေကို ကျောင်းတွေမှာ လိုက်လံဟောပြောတာတွေပြုလုပ်ပေးခြင်းကြောင့် ကလေးတွေမှတစ်ဆင့် ကလေးမိဘတွေကို ပြန်လည်ပြောပြခြင်းအားဖြင့် ကလေးမိဘ ဆွေမျိုးတွေပါ ပူးပေါင်းပါဝင်လာနိုင်အောင် ကျောင်းတွေမှာအသိပညာပေးဟောပြောပွဲတွေကို ပြုလုပ်ပေးတာဖြစ်တယ်လို့သိရပါတယ်။ယခုဟောပြောပို့ချတဲ့ အ.ထ.က (၄)တာမွေဟာ မိန်းကလေးကျောင်းဖြစ်ပြီး ယနေ့ခေတ် မူးယစ်ဆေးသုံးစွဲသူတွေမှာ မိန်းကလေး၊ ယောကျာ်လေးမခွဲခြားပဲအသုံးပြုလာကြတာကြောင့် ကျောင်းအုပ်ဆရာမကြီးမှ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို လက်ခံဟောပြောပေးတာလို့ဆိုပါတယ်။

ယခင်က မူးယစ်ဆေးဝါးတရားမ၀င် ဖမ်းဆီးသုံးစွဲမှုကို ပြစ်ဒဏ် (၃)နှစ်မှ (၁၅)နှစ် ပုဒ်မ (၁၅)နဲ့ ဖမ်းဆီးမှုတွေရှိတာကြောင့် မူးယစ်ဆေးဖြတ်လူနာတွေမရှိခဲ့ဘူးလို့သိရပါတယ်။ ယခုမူးယစ်ဆေးစွဲသူတွေကို လူနာအဖြစ်လက်ခံပြီး ဆေးဖြတ်နိုင်ပြီဖြစ်တဲ့အတွက် တစ်ပတ်ကို (၅)ယောက် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးဖြတ်လူနာအဖြစ်လာရောက်ဆေးကုသမှုခံယူနေကြပြီး ဆေးဖြတ်လူနာဦးရေးများလာတယ်လို့လည်း မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုက တာဝန်ရှိသူပြောကြားချက်အရသိရပါတယ်။

 

 

Related News