သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့(မန္တလေး တိုင်းဒေသကြီး)က မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ရေဘေးအန္တရာယ်ကြောင့် ကမ်းပြိုပြီး ရွှေ့ပြောင်းနေထိုင်တဲ့ ရွာများကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ယခုနှစ်မိုးရာသီအစမှာ ကတည်းက မြန်မာနိုင်ငံအနှံ့ မိုးဆက်တိုက်ရွာသွန်းနေပြီး ဒီလို ရွာသွန်းမှု ကြောင့် ဒေသအချို့မှာ ဆည်ရေပြည့်၊ မြစ်ရေတက် ပြီး ရေလျှံ တာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လပိုင်းက မိုးရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီးမှာ ရေလွှမ်းပြီး ကမ်းပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာ ကမ်းပြိုပြီး ရွှေ့ပြောင်းနေထိုင်တဲ့ အိမ်ထောင်စု (၁၅၀) ၀န်းကျင် လူဦးရေ (၆၀၀)ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီ ကမ်းပြို ရွှေ့ပြောင်းနေထိုင်သူတွေကို ဦးစားပေး အဆင့် (၃)ဆင့်ခွဲပြီး ပြန်လည် အခြေချနေထိုင်နိုင်ဖို့ ကူညီ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး အ၀တ်အထည်၊ စားသောက်ကုန်နဲ့ အခြားထောက်ပံ့ရေး ပစ္စည်းတွေကို ထောက်ပံ့ပေး သွားမယ်လို့ သိရပါတယ်။ သဘာဝဘေးနဲ့ပတ်သက်ပြီး ကယ်ဆယ်ထောက်ပံ့မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့(မန္တလေး တိုင်းဒေသကြီး) အနေနဲ့ အဖွဲ့ဝင်အသင်းပေါင်း(၄၀)ကျော်နဲ့ အလှူငွေများကောက်ခံ ဆောင်ရွက်နေတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာသန်းထွန်းမြင့်က ပြောပါတယ်။သဘာဝဘေး တုံ့ ပြန်ဆောင်ရွက်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး)ကို(၂၀၁၆)ခုနှစ်က ဖွဲ့စည်းခဲ့ပြီးမြန်မာနိုင်ငံအတွင်း သဘာဝဘေးဖြစ်ပေါ်ရာ ဒေသတွေကိုအချိန်နဲ့တပြေးညီ ကယ်ဆယ် ထောက်ပံ့တုံ့ပြန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

 

Related News