ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် အခမ်းအနားကျင်းပမည့်  အာဇာနည်ဗိမာန်နေရာကို ပြင်ဆင်ဆောင်ရွက်မှုအနေနဲ့ (၁၀၀)ရာခိုင်နှုန်းပြီးစီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ အာဇာနည်ဗိမာန်ဟာ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီးမှာ တည်ရှိတာဖြစ်ပြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အခြားအာဇာနည်ခေါင်းဆောင် တွေကို မြှုပ်နှံထားတဲ့ ဗိမာန်လည်း ဖြစ်ပါတယ်။

ဇူလိုင်လ(၁၉)ရက်နေ့မှာဆိုရင် အာဇာနည်နေ့  အထိမ်းအမှတ်ကို နိုင်ငံတော်အဆင့် ကျင်းပတာဖြစ်တဲ့အတွက် အာဇာနည်ဗိမာန်ပြင်ဆင်မှုတွေကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လေ့ရှိတာဖြစ်ပြီး ယခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့အတွက်ကိုလည်း ကြိုတင်ပြင်ဆင်မှုတွေဟာ ပြီးစီးပြီလို့ သိရပါတယ်။ အာဇာနည်ဗိမာန်မှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်းအပါအဝင် သခင်မြ၊ ဒီးဒုတ်ဦးဘချို ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့ကို မြှပ်နှံထားတာဖြစ်ပြီး ကျန်တဲ့ အာဇာနည်ခေါင်းဆောင်တွေဖြစ်တဲ့ ဦးရာဇက်နဲ့ ရဲဘော်ကိုထွေးကိုတော့ တာမွေမြို့နယ်ရှိ မူစလင်သုသာန်မှာ ဂူသွင်းခဲ့တာ ဖြစ်ပါတယ်။ မိုင်းပွန်စော်ဘွားစဝ်စံထွန်းကိုတော့ သူရဲ့ မွေးရပ်မြေ မိုင်းပွန်နယ်မှာ သဂြိုင်္လ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဇာနည်ဗိမာန်ကို အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေကလည်း နှစ်စဉ်လာရောက် ဂါရဝပြုလေ့ရှိကြပြီး (၇၁)နှစ်မြောက် အာဇာနည်နေ့တွင်လည်း လာရောက်ဂါရဝပြုကြမှာ ဖြစ်တယ်လို့ အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေက ပြောပါတယ်။ အာဇာနည်ဗိမာန်နေရာကို လာရောက် ဂါရဝပြုမယ့် သူတွေကိုတော့ ပန်းခွေ၊ ပန်းခြင်းနှင့် ပန်းစည်းအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ ဗီနိုင်းစများ၊ ပုလင်းနှင့် ဘူးများ၊ အလံများ၊ အလံကိုင်ဆောင်ရာတွင်အသုံးပြုသည့် တုတ်၊ သံပိုက်နှင့် ကော်ပိုက်များ၊ လက်ကိုင်အိတ်များ ၊ မီးခြစ်စတဲ့ပစ္စည်းကိုးမျိုး ယူဆောင်ခွင့်ကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

အာဇာနည်ဗိမာန်အနီးတစ်ဝိုက်ရှိ လမ်းကြောင်းများကိုလည်း ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၆နာရီမှ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆နာရီအထိ ယာဉ်သွားလာဖြတ်သန်းမှုကို ယာယီပိတ်ထားမှာ ဖြစ်သလို အဝင်အထွက်လမ်းကြောင်းများနှင့် ဂိတ်များတွင် လုံခြုံရေးအရ ရှာဖွေစစ်ဆေးမည်ဖြစ်ပြီး အများပြည်သူများမှ ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ကြည်ဖြူစွာအစစ်ဆေးခံရန်လည်း ထုတ်ပြန်ကြေညာထားပါတယ်။ 

 

 

Related News