New Generation မျိုးဆက်သစ် ပန်းချီ၊ ပန်းပု အနုပညာပြပွဲကို မန္တလေးမြို့ အမျိုးသားယဉ်ကျေးမှုပြတိုက်မှာ ဇူလိုင်လ(၁၀)ရက်ကစပြီး ပြသနေပါတယ်။ ယခုပြသနေတဲ့ ပန်းချီ၊ ပန်းပုမျိုးဆက်သစ် အနုပညာပြပွဲကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က ဦးဆောင်ပြီး ပြသတာဖြစ်ပါတယ်။ အခုလို ပြပွဲတွေ ပြသပေးခြင်းဖြင့် ပန်းချီ၊ ပန်းပုနဲ့ ပတ်သက်တဲ့ပညာတွေကို သင်ယူထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းမပြီးသေးခင်မှာ လူထုနဲ့အထိအတွေ့ရရှိစေပြီး အတွေ့အကြုံကောင်းတွေများစွာရရှိစေဖို့နဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပန်းချီ၊ ပန်းပုပညာတွေကို မှတ်တမ်းတင်ဖို့အတွက် ပြသပေးတာဖြစ်တယ်လို့ပြောပါတယ်။

ပန်းချီ၊ ပန်းပု မျိုးဆက်သစ် အနုပညာပြပွဲကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်အနေနဲ့ ၁၄ ကြိမ်မြောက် ပြသတာဖြစ်တယ်လို့သိရပါတယ်။ အခုပြသနေတဲ့ပြပွဲမှာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူတွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ထုလုပ်ထားတဲ့ ပန်းပုတွေကို ပြသထားတာဖြစ်ပြီး ရေဆေး၊ ဆီဆေး၊ ကျောက်စီ၊ မင်နဲ့ ခဲတံ စတဲ့အမျိုးအစားတွေနဲ့ရေးဆွဲထားတဲ့ ပန်းချီကားပေါင်း (၇၀) ကျော်နဲ့ ပန်းပုမှာတော့ ပလာစတာ၊ စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ပန်းပုရုပ်ထု (၂၀)ကျော်ကိုလည်းပြသထားတာဖြစ်တယ်လို့သိရပါတယ်။ယခုပြသနေတဲ့ ပန်းချီ၊ ပန်းပု မျိုးဆက်သစ်အနုပညာပြပွဲကို ဇူလိုင်လ ၁၀ ရက်မှ ၁၄ ရက်ထိ (၅)ရက်ပြသသွားမယ်လို့ သိရပါတယ်။

 

 

 

Related News