ဒီကနေ့ ဇွန်လ (၁၁) ရက်မှာ နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2)မှာပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံတတိယအစည်းအဝေးကို စတင်ကျင်းပခဲ့ရာဖွင့်ပွဲအခမ်းအနားမှာခေတ်အဆက်ဆက် မျှော်လင့်ခဲ့ရပြီး ဝေးကွာခဲ့ရတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ဖို့အတွက် စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့အားထုတ်ကြိုးပမ်းသွားကြဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ  ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံတတိယအစည်းအဝေးကို ဇွန်လ (၁၁)ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗစ်ရှင်းဗဟိုဌာန-၂(MICC-2)မှာ စတင် ပြုလုပ်လျက်ရှိပါတယ်။ အဆိုပါအခမ်းအနားမှာ အဖွင့်မိန့်ခွန်းပြောကြားခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မျိုးဆက်သစ်တွေအတွက် စစ်မက်ကင်းစင်ပြီးငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့ အပါအ၀င် စစ်မက်ပဋိပက္ခတွေကြားမှာ နစ်မွန်းနေခဲ့ရတဲ့ မျှော်လင့်ချက်တွေကို လင်းလက်တောက်ပလာစေဖို့  မလျှော့တဲ့စိတ်အင်အားနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ပြောကြားခဲ့ပါတယ်။ ယခုပြုလုပ်လျက်ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံတတိယအစည်းအဝေးကို ၆ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ကဏ္ဍကြီး(၅)ခုဖြစ်တဲ့ လုံခြုံရေးကဏ္ဍ၊ နိုင်ငံရေး ကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနဲ့ မြေယာနှင့်သဘာဝပတ်ဝန်ကျင်ကဏ္ဍတို့က အခြေခံမှု၊ အဆိုပြုချက် တွေရရှိအောင် ဆွေးနွေးသွားမယ်လို့သိရပါတယ်။ 

ဆွေးနွေးပြီးရရှိလာတဲ့အချက်တွေကိုတော့ညီလာခံနောက်ဆုံးနေ့မှာ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးသွားမယ်လို့သိရပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးပစ်ခေတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မှာပါဝင်လာနိုင်ခြင်းမရှိသေးတဲ့အဖွဲ့တွေကိုလည်း မိမိတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးအစဉ်အမြဲဖွင့်လှစ်ထားပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်းနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုပါတယ်။ 

ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ် မေလအတွင်း ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူ စာချုပ်၏ အစိတ်အပိုင်း (တစ်)အဖြစ် နိုင်ငံရေးကဏ္ဍ မူဝါဒ အဆိုပြုချက် (၁၂)ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒ အဆိုပြုချက် (၁၁) ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ အဆိုပြုချက် (၄) ချက် ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ မူဝါဒ အဆိုပြုချက် (၁၀) ချက် စုစုပေါင်း (၃၇) ချက်အပေါ်အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သားအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့က ထောက်ခံခဲ့တာကြောင့် အဆိုပါ သဘော တူညီချက် (၃၇)ချက်ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့တယ်လို့သိရပါတယ်။

 

 

Related News