ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်တော့မယ့် အာဇာနည်နေ့အတွက် အာဇာနည်ခေါင်းဆောင်တွေရဲ့ ဆွေမျိုး၊ သားသမီးတွေ အနေနဲ့ ဝမ်းနည်းမှုတွေနဲ့ အမှတ်တရတွေ သတိတရရှိနေတယ်လို့ သိရပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုးံခဲ့တဲ့အာဇာနည်ခေါင်းဆောင်ကြီးများ အထဲမှာဗိုလ်ချုပ်ရဲ့လေးစားမှုကို ရရှိခဲ့တဲ့သခင်မြလည်း အပါအ၀င်ဖြစ်ပါတယ်။ သခင်မြကိုပြည်တစ်ဖက်ကမ်းမှာရှိတဲ့ ထုးံဖိုမြို့လေးမှာ(၁၈၉၇)ခုနှစ်အောက်တိုဘာလ(၇)ရက်မှာမွေးဖွားခဲ့ပြီး ငယ်အမည်မှာမောင်မြရွှေဖြစ်ပါတယ်။ သခင်မြဟာ ငယ်စဉ်ကတည်းက တိုင်းပြည်ချစ်တဲ့စိတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့စိတ် ဆင်းရဲသားလယ်သမားတွေကိုကူညီလိုတဲ့စိတ်ရှိတာကြောင့် ရှေ့နေဖြစ်တဲ့အချိန်မှာလယ်သမားတွေရဲ့ အရေးကိစ္စကိုကူညီခဲ့သူတစ်ဦးပါ။

ဗိုလ်ချုပ်နဲ့အတူလွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ အချိန်မှာဘဏ္ဍာရေးဝန်ကြီး တစ်ဦးအဖြစ်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး သူကျဆုးံခဲ့တဲ့ဇူလိုင်(၁၉)ရက်ကိုခုချိန်ထိအမှတ်ရနေတယ်လို့ သခင်မြရဲ့မိသားစုဝင်တစ်ဦးကခုလိုပြောပါတယ်။ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်တွေထဲက ဦးရာဇတ်ရဲ့  သက်တော်စောင့် အဖြစ် စောင့်ရှောက်ပေးနေတဲ့ ရဲဘော်ကိုထွေးကလည်း ကျဆုံးခဲ့တဲ့ အထဲမှာ  တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ရဲဘော်ကိုထွေးကတော့ နဝမတန်းအထိ အတန်းပညာသင်ကြားခဲ့ပြီး အသက်(၁၈)နှစ်အရွယ်မှာ ပညာရေးဝန်ကြီး ဦးရာဇတ်ရဲ့ သက်တော်စောင့် အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်(၁၉)ရက်နေ့မှာပဲ မသမာသူ လူတစ်စုကို ပြန်လည်ခုခံတိုက်ခိုက်ချိန်မှာပဲ ထိခိုက်ဒဏ်ရာနဲ့ နေ့လည်မွန်းလွဲ(၂)နာရီ(၁၅)မိနစ်အချိန် ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။  (၁၉၄၇)ခုနှစ်ဇူလိုင်လ(၁၉)ရက်နံနက်ပိုင်းဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပနေချိန် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူသခင်မြ၊ ဒီးဒုတ်ဦးဘချို ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးအုန်းမောင်၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားစဝ်စံထွန်း နဲ့ သက်တော်စောင့်ရဲဘော်ကိုထွေးတို့  လုပ်ကြံခံခဲ့ရပြီး အာဇာနည်ဗိမာန်ကို အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေက နှစ်စဉ်လာရောက်ဂါရဝပြုခဲ့ကြတာဟာ အခုဆိုရင် (၇၁)နှစ် ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

Related News