မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပတဲ့ MPT Myanmar National League U-18 ပြိုင်ပွဲမှာDagon FC အသင်းက ရှုံးပွဲမရှိစံချိန်နဲ့ဗိုလ်စွဲကာ ချန်ပီယံဆု ရရှိခဲ့ပါတယ်။ 

အသင်း(၆)သင်း ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ 2018မြန်မာနေရှင်နယ်လိဂ် အသက်(၁၈)နှစ်အောက် ဘောလုံး ပြိုင်ပွဲမှာ Dagon FC အသင်းက (၁၀)ပွဲနိုင်၊ သရေပွဲမရှိ၊ ရှုံးပွဲမရှိစံချိန်နဲ့ ရမှတ်(၃၀)ရရှိကာ ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Dagon FCအသင်းက ရာသီမကုန်ခင်တဲက ချန်ပီယံဆုရရှိခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက Universityအသင်းကို (၉)မှတ်ထိဖြတ်ကာ ယခုနှစ်အတွက် ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။MPT Myanmar National League U-18 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ပဒုမ္မာကွင်းမှာ Royal Thanlyin အသင်းနဲ့ Dagon FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး Dagon FC အသင်းကအကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ကာ (၈)ဂိုးပြတ်နဲ့ Royal Thanlyin အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာ ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ပြီး တတိယဆုရရှိတဲ့ Royal Thanlyinအသင်းကို တစ်ဦးချင်းဆုတံဆိပ်နဲ့ ငွေကျပ်(၂၅)သိန်း၊ ဒုတိယဆုရရှိတဲ့ Universityအသင်းကို တစ်ဦးချင်းဆုတံဆိပ်နဲ့ ငွေကျပ်သိန်း(၅၀)၊ ချန်ပီယံရရှိတဲ့ Dagon FCအသင်းကို ချန်ပီယံဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်နဲ့ ငွေကျပ် သိန်း(၁၀၀)တို့ကို ချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာ သက်တမ်းအလိုက် လိဂ်ပြိုင်ပွဲဖြစ်တဲ့ အသက်(၁၈)နှစ်အောက်ပြိုင်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီး ဒီပြိုင်ပွဲက ထူးချွန်တဲ့ ကစားသမားတွေကို သက်တမ်းအလိုက် ပဏာမလက်ရွေးစင်ကစားသမားတွေအဖြစ် ရွေးချယ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

 

 

 

Related News