၇၁နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်စာအုပ်ပေါင်း ၃သောင်းကျော်ကို ဇူလိုင်လ၁၉ရက် ကနေ ၂၂ ရက်အထိ ရန်ကုန်မြို့ သံဈေးမှာရှိတဲ့ Yangon Book Plaza မှာ ၄ရက်တာပြုလုပ်သွားမယ်လို့ သိရပါတယ်။ အခုလိုစာအုပ်ရောင်းချပွဲပြုလုပ်တာဟာ စာဖတ်သူတွေအနေနဲ့ လိုအပ်တဲ့စာအုပ်တွေနဲ့ ဖတ်ချင်တဲ့ စာအုပ် တွေကို  ဈေးသက်သက်သာသာနဲ့ ၀ယ်ဖတ်နိုင်ဖို့ ရည်ရွယ်ပြီးပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

အခုပြုလုပ် တဲ့ စာအုပ်ဈေးရောင်းပွဲတော်ကပုံမှန်ပြုလုပ်နေကြ စာပေပွဲတော်တွေလို မဟုတ်ဘဲ (၇၁)နှစ်မြောက် အာဇာ နည်နေ့ အထိမ်းအမှတ်အနေနဲ့   ပြုလုပ်တာဖြစ်တယ်လို့ Yangon Book Plaza တည်ထောင်သူ စာရေးဆရာ မြေမှုန်လွင်ကပြောပါတယ်။ အာဇာနည်နေ့အထိမ်းအမှတ်စာအုပ်ရောင်းချပွဲမှာ စာအုပ်တန်ဖိုးတွေကို အနည်းဆုံးငွေ ၂၀၀ကျပ်ကနေ အများဆုံး၅၀၀ကျပ်အတွင်း သတ်မှတ်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စာအုပ်တိုက်တွေက အသစ်ထွက်ရှိထားတဲ့စာအုပ်တွေကိုလည်း မူရင်းဈေးနှုန်းအတိုင်းမဟုတ်ဘဲ လျော့ဈေးတွေနဲ့ ရောင်းချ ပေးသွား မှာဖြစ်ပါတယ်။စာအုပ်အမျိုးအစားတွေက ကာတွန်း၊ ၀တ္ထု၊ ပုံပြင်၊  သုတရသ စာပေတွေနဲ့ နိုင်ငံရေးစာပေတွေ ပါဝင်တယ်လို့လည်းသိရပါတယ်။အာဇာနည်နေ့ အထိမ်းအမှတ်စာအုပ်ဈေးရောင်းပွဲကို ပြီးခဲ့တဲ့နှစ် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဒုတိယအကြိမ်ပြုလုပ်တာဖြစ်ပါတယ်။ စာအုပ်ဈေးရောင်းပွဲတော်ကို ဇူလိုင်လ(၁၉)ရက် (အာဇာနည်နေ့)က စတင်ပြီး ဇူလိုင်လ(၂၂)ရက်ထိ နေ့စဉ် မနက်(၉)နာရီကနေ ညနေ (၇)နာရီထိ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

 

 

Related News