မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် လာရောက်တဲ့ တရုတ်နိုင်ငံသားခရီးသွားများကို ဆိုက်ရောက်ဗီဇာဖြင့်ရက် သုံးဆယ်နေထိုင်ခွင့် ပြုလိုက်ပြီဖြစ်ပြီး အဆိုပါ ဆိုက်ရောက်ဗီဇာအတွက် ဒေါ်လာ ငါးဆယ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရက်ဒစ်၊ ဒက်ဘစ်ကဒ်စနစ်ဖြင့် ငွေပေးချေနိုင်တော့မှာ ဖြစ်တယ်လို့ ဇူလိုင် (၂၈) ရက်က အင်းယားလိတ်ဟိုတယ်မှာ ပြုလုပ်တဲ့ ခရီးသွားမြှင့်တင်ရေး ဗီဇာဆိုင်ရာကိစ္စရပ်များ ညှိုနှိုင်းအစည်းအဝေးမှ သိရပါတယ်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ ကမ္ဘာလှည့် ဆိုက်ရောက်ဗီဇာအတွက် ဒေါ်လာငွေ ငါးဆယ် ပေးချေရတဲ့အခါ ငွေကြေးမလုံလောက်တာနဲ့ ငွေသားသယ်ဆောင်ရတဲ့ အခက်အခဲတွေ ရှိနေပြီး ဒီလို ငွေစက္ကူအခက်အခဲတွေ အဆင်ပြေစေဖို့ ငွေပေးချေစနစ်ကို ငွေသားလက်ခံတာကနေ ကဒ်စစ်အဖြစ် အဆင့်မြှင့်တင် ပြောင်းလဲတော့မှာပါ။

အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခုမှာ ကဒ်စနစ်အသုံးပြုနိုင်ဖို့ကိုတော့ ဗဟိုဘဏ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ CB ဘဏ်မှ တာဝန်ရှိသူတွေပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။လက်ရှိမှာ ဆိုက်ရောက်ဗီဇာခ ဒေါ်လာငါးဆယ်ကို ငွေသားနဲ့လက်ခံနေတာဖြစ်ပြီး ခရီးသွားဧည့်သည်ဘက်က ငွေသားမပေးချေနိုင်တဲ့အခါ ပြန်လွှတ်လိုက်ရတဲ့ အနေအထားမဖြစ်အောင် နိုင်ငံတကာသုံး ဘဏ်ကဒ်စနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ အရှေ့မျှော်ဝါဒအရ  အာရှနိုင်ငံသားခရီးသွားတွေကိုဆွဲဆောင်နိုင်ဖို့ ဗီဇာဖြေလျော့ရေးတွေ လုပ်ဆောင်နေတာဖြစ်ပြီး လာမယ့်အောက်တိုဘာ (၁)ရက်မှ စတင်ကာ ဂျပန်၊ကိုရီးယားနိုင်ငံသားတွေ ဗီဇာကင်းလွတ်ခွင့်ရမှာဖြစ်ပြီး တရုတ်နိုင်ငံသားတွေကတော့ ဆိုက်ရောက်ဗီဇာ ရရှိမှာဖြစ်ကြောင်း စာထုတ်ပြန်ထားပါတယ်။ ယခု(၂၀၁၈)ခုနှစ်အတွင်းမှာပဲ တရုတ်နိုင်ငံသားဝင်ရောက်မှုက (၃၆) ရာခိုင်နှုန်းမြင့်တက်လာတယ်လို့သိရပါတယ်။ဇင်ဝင့်သူဇော် ပေးပို့ထားတာပါ။ 

 

 

Related News