မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်) မှ ပြန်လည်စွန့်လွှတ်မြေ ဧက (၃)ထောင်ကျော်ကို မူလပိုင်ရှင်တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ကို သြဂုတ်လ (၅)ရက်က တံတားဦးမြို့မှာပေးအပ်ခဲ့ပါတယ်။ နိုင်ငံအတွင်း မြို့ပြဆိုင်ရာ၊ အခြေခံဆိုင်ရာအဆောက်အဦးတွေ တိုးချဲ့တည်ဆောက်ဖို့၊ လုံခြုံရေးဆိုင်ရာစီမံကိန်းတွေ အကောင်အထည်ဖော်နိုင်စေဖို့၊ စီးပွားရေးဆိုင်ရာအထူးစက်မှုဇုန်များတည်ဆောက်စေဖို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများအတွက် ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိကများကိုမြေနေရာချထားပေးခြင်းတွေကြောင့် လယ်ယာမြေနဲ့အခြားမြေတွေ သိမ်းဆည်းခံရမှုတွေရှိခဲ့တာဖြစ်တယ်လို့ ဒီအခမ်းအနားကို တက်ရောက်လာတဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိန်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ 

လယ်ယာမြေသိမ်းဆည်းခံရတဲ့ ဒေသခံတွေ စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေး စတဲ့အခက်အခဲတွေကို ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေရဲ့နစ်နာဆုံးရှုံးမှုတွေကို အစိုးရအဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ တရားမျှတမှုရှိအောင် အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ ဒုတိယသမ္မတက အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။အခုတံတားဦးမြို့နယ်အတွင်း ယာယီလုပ်ပိုင်ခွင့်ပုံစံ(၃)ပေးအပ်တာဟာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ ဒုတိယအကြိမ် ပေးအပ်တာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လေးခုကတောင်သူ(၁၀၈၇)ဦးရဲ့ မြေဧရိယာ(၃၀၁၉.၄၄) ဧကကို ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)ကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ပေးအပ်ပွဲကို ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်အောင်သူ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယ၀န်ကြီးဦးလှကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်မျိုး၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနဲ့ တောင်သူဦးကြီးများတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်က  (၂၀၁၄) ခုနှစ်မှာ ပထမအကြိမ်အဖြစ် ဧက (၉)ထောင်ကျော်ကိုပြန်လည်စွန့်လွှတ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

 

 

 

Related News