Startup Israel 2018 ပြိုင်ပွဲမှာ Winner ဆုရရှိတဲ့သူကို အစ္စရေးနိုင်ငံရဲ့ အထောက်အပံ့နဲ့ ဂျေရုဆလင်မြို့ကို ရက်သတ္တပတ် သွားရောက်လေ့လာခွင့် ပေးအပ်မှာဖြစ်တယ်လို့ မနေ့က သြဂုတ်(၉)ရက်က MICT Park အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲမှ သိရပါတယ်။အစ္စရေးသံရုံးနဲ့ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းပြုလုပ်တဲ့ တတိယအကြိမ်မြောက် Startup Israel 2018ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့သူအနေနဲ့ အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့မှာ ကျင်းပမယ့် Startup ပွဲတော်ကို ရက်သတ္တပတ် သွားရောက်လေ့လာခွင့်ရမှာဖြစ်ပါတယ်။

အဆိုပါ Startup Israel 2018 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသင်း (၂၂) သင်းရှိခဲ့ပြီး ဖိုင်နယ်တက်ခဲ့တဲ့ ရှစ်ဖွဲ့ထဲမှ  အနိုင်ရရှိသူသုံးဦးကို အပြီးသတ်ရွေးချယ်ထုတ်ပြန်ပေးခဲ့တာပါ။ မြန်မာနိုင်ငံတွင်း Startup ပြိုင်ပွဲဟာ လူမှုစီးပွားရေးကို ထောက်ပံ့နိုင်တဲ့ Software၊ Website နဲ့ Applications  တွေကို ရေးဆွဲ ယှဉ်ပြိုင်ရတာဖြစ်ပြီး အသက်ကန့်သတ်ချက်မရှိတဲ့ Startup ပြိုင်ပွဲဖြစ်တာကြောင့် အနယ်နယ်အရပ်ရပ်မှ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။Startup Israel 2018ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့တဲ့ C4UU အဖွဲ့ကတော့ SME လုပ်ငန်းရှင်တွေရဲ့စားသောက်ကုန် ပစ္စည်းနမူနာတွေကို စားသုံးသူထံအရောက်ပို့ပေးမယ့် Sample like Project နဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ Websiteကို ရှေ့လာမယ့် အောက်တိုဘာလအတွင်း စားသုံးသူတွေ အသုံးပြုနိုင်ဖို့ ကြိုးစားနေပြီး ရန်ကုန်နဲ့မန္တလေးတစ်ဝိုက်မှာ ဝန်ဆောင်မှု စတင်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

Winner ဆုရရှိခဲ့တာကြောင့် အဖွဲ့ခေါင်းဆောင်က ဂျေရုဆလင်မြို့ကို သွားရောက်ခွင့်ရမယ့်အပေါ်လည်း သူ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ တတိယအကြိမ်မြောက် Startup Israel 2018ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ အဖွဲ့က အမေရိကန် ဒေါ်လာလေးရာနဲ့ ဒုတိယဆုရရှိခဲ့သူကတော့ အမေရိကန် ဒေါ်လာ နှစ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်းရလဒ်တွေကိုတော့ အစ္စရေးသံရုံးမှ ပညာရှင်သုံးဦးနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူသုံးဦးတို့က အကဲဖြတ်ခဲ့တာဖြစ်ပါတယ်။

 

 

 

Related News