မန္တလေးမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ အိုးပုတ်ပွဲတော်အတွက် အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှာ အိုးပုတ်များကို ပြုလုပ်ပြီး ရောင်းချဖို့ ပြင်ဆင်နေကြပါပြီ။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှာ အိုးပုတ်လုပ်ငန်း လုပ်ကိုင်နေသူ ၁၀၀ ၀န်းကျင်ရှိပြီး အိုးပုတ်လုပ်ငန်းကို  မိရိုးဖလာ လုပ်ကိုင်ကြတာပါ။ ဒီအိုးပုတ်အရုပ်တွေကို မကြာမီကျင်းပတော့မယ့် မန္တလေးအိုးပုတ်ပွဲတော်မှာ ရောင်းချဖို့ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။  အိုးပုတ်ပြုလုပ်ရာမှာ အသုံးပြုတဲ့ မြေကြီးကိုကြိုတင်ဝယ်ယူထားရပြီး ဒီမြေကြီးကို ရေပြန်စိမ်ပြီး  အိုးပုတ်ဖြစ်စေဖို့အတွက် အဆင့်ဆင့် ပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအိုးပုတ်ပွဲတော်ကို မန္တလေးမြို့မှာ ကျင်းပလာတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ နှစ်စဉ် ၀ါခေါင်းလဆန်း ၈ ရက်နေ့ တစ်ရက်ထဲသာ မန္တလေးတောင်ခြေရှိ အိုးဘိုရပ်ကွက်မှာ ကျင်းပတာ ဖြစ်ပါတယ်။  အိုးပုတ်ပွဲတော်မှာ ရောင်းချဖို့ အိုးပုတ်နဲ့ အရုပ်မျိုးစုံတွေကို ၃ လနီးပါး ကြိုတင်ပြုလုပ်ထားရတယ်လို့ ပြောပါတယ်။ အိုးပုတ်တွေကို အရင်နှစ်တွေကထက် ပိုမိုစိတ်စားစေဖို့နဲ့ ကလေးငယ်တွေကို ဆွဲဆောင်နိုင်ဖို့ ဆေးရောင်ခြယ်ရာမှာ ဆွဲဆောင်မှုရှိတဲ့ အရောင်တွေနှင့် ပြုလုပ်ထားကြတယ်လို့ သိရပါတယ်။  အိုးပုတ်တွေကိုတော့ အမျိုးအစား ၁၀ မျိုးထိပြုလုပ်ကြပြီး ကလေးငယ် တွေ စိတ်ဝင်စားစေမယ့် ဆင်ရုပ်၊ ဇီးကွက်ရုပ်၊  ခွေးရုပ်၊ နွားရုပ်၊ ငါးရုပ် စတဲ့ အရုပ်မျိုးစုံကိုပြုလုပ်ထားကြပါတယ်။

အိုးပုတ်ရောင်းချသူတွေအနေနဲ့ အိုးပုတ်အများစုကို  ၁၀၀ ကျပ်နဲ့ ရောင်းချကြမှာဖြစ်ပြီး   အရွယ်အစားလိုက် ဈေးနှုန်းကွာခြားနိုင်တယ်လို့ သိရပါတယ်။ အိုးပုတ်ပွဲတော်မှာ ကိုယ်တိုင်ပြုလုပ်ရောင်းချသူရှိသလို တဆင့်ပြန်လည်ဖောက်သည်ယူကာ ရောင်းချသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ အိုးပုတ်ပွဲတော်မှာ အိုးပုတ်ပြုလုပ်သူတွေအနေနဲ့ အိုးပုတ်နဲ့ အရုပ်စုံ ၁ သိန်းဝန်းကျင် ပြုလုပ်ရတယ်လို့ သိရပါတယ်။မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တပ်ကြီးကျေးရွာက  အိုးပုတ်ပြုလုပ်ရောင်းချသူတွေအနေနဲ့ မန္တလေးအိုးပုတ်ပွဲတော်ပြီးသွားရင် တောင်ပြုံးပွဲနဲ့ အမရပူရမြို့နယ် ရတနာဂူပွဲတော်တို့မှာ သွားရောက် ရောင်းချကြတယ်လို့ သိရပါတယ်။

 

 

 

Related News