အမှိုက်လျှော့ချရေးနဲ့ စွန့်ပစ်အမှိုက်ဆိုင်ရာ ကျောင်းအသိပညာပေးဟောပြောပွဲကို ဒီကနေ့ သြဂုတ်လ(၁၀)ရက်က ရန်ကုန်မြို့၊ အ.ထ.က(၁)ဒဂုံမှာ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း အမှိုက်လျှော့ချရေးတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ Clean Yangon ကမ်ပိန်းတို့က  (၂၀၁၇)ခုနှစ်က စတင်ပြီး (၁)လတစ်ကြိမ် မတူညီတဲ့  နေရာတွေမှာ အမှိုက်ကောက်ကမ်ပိန်းကို ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒီလို တစ်လတစ်ကြိမ်ပြုလုပ်တာဟာ ပြည်သူတွေကို အသိပညာပေး လုပ်ဆောင်တာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေအနေနဲ့ အမှိုက်စည်းကမ်းတကျစွန့်ပစ်နည်းတွေကို ငယ်စဉ်ကတည်းက သိရှိနားလည်ဖို့လိုအပ်လို့ ကလေးတွေမှတစ်ဆင့် မိဘတွေအထိ အမှိုက်ကို စည်းစနစ်တကျခွဲခြားစွန့်ပစ်တာတွေကို သိရှိလာအောင် အခုလို စွန့်ပစ်အမှိုက်ဆိုင်ရာ ကျောင်းအသိပညာပေးအစီအစဉ်ကို ထပ်မံပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ယခု အထက(၁)ဒဂုံမှာ ပန်းခြံလည်းရှိတာကြောင့် နေ့စဉ်ကျောင်းတွင်းသန့်ရှင်းရေးကို သန့်ရှင်းရေး ၀န်ထမ်းတွေ ထားရှိထားတဲ့ အပြင် ကျောင်းသူ၊ ကျောင်းသားတွေမှလည်း အသင်းလိုက်က အပတ်စဉ် တာဝန်ယူ ဆောင်ရွက်နေတယ်လို့သိရပါတယ်။အမှိုက်စွန့်ပစ်ဖို့သင်ကြားနည်းတွေအနေနဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း (၃)မျိုးခွဲခြားထားပြီး မူလတန်းကိုသင်ကြားရာမှာ ကလေးငယ်တွေစိတ်ဝင်စားနိုင်မယ့် သီချင်းတွေ၊ ကဗျာတွေနဲ့သင်ကြားပေးတာဖြစ်ပြီး အလယ်တန်းနဲ့အထက်တန်းကို တော့ ဆရာမကြီးဒေါ်သန်းမြင့်အောင်နဲ့ အမှိုက်ဆိုင်ရာပညာရှင်တွေက ဟောပြောပွဲပုံစံမျိုးသင်ကြားပေးတာဖြစ်တယ်လို့သိရပါတယ်။ 

ကျောင်းတွေမှာ အမှိုက်နဲ့ပတ်သက်တဲ့အသိပညာပေးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် Clean yangon က ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးနဲ့တိုင်ပင်ပြီးလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ရန်ကုန်တစ်မြို့လုံးမှာ ကျောင်းသားဦးရေ (၂)သိန်းကျော်ရှိတဲ့အနက် ကျောင်းသားဦးရေ ကိုးသောင်းကျော်ရှိနေတဲ့ လှိုင်သာယာမြို့နယ်အတွင်းက ကျောင်းတွေကို အဓိကထား ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

 

Related News