ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်- မန္တလေးလမ်းဟောင်းမှာ ရန်ကုန်မှ ဆွာမြို့အ၀င်အနီး ပေ(၂၀)ခန့်ရှိတဲ့ တံတားပျက်စီးသွားတာကြောင့် အဝေးပြေးကုန်စည်ယာဉ်တွေ ပိတ်မိနေခဲ့တယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းကသိရပါတယ်။ ရန်ကုန်မှ ဆွာမြို့အ၀င်အနီးမှာ ပေ(၂၀)ခန့်ရှိတဲ့တံတားပျက်စီးသွားတာကြောင့် သြဂုတ်လ (၂၉)ရက်မနက်ပိုင်းကစပြီးအဝေးပြေးကုန်စည်ပို့ဆောင်ရေးယာဉ်အစီးရေ (၄၀၀)လောက် လမ်းမှာပိတ်မိနေတယ်လို့သိရပါတယ်။ သြဂုတ်လ (၂၈)ရက်က ရန်ကုန်နဲ့ မန္တလေးမှ ထွက်ခွာလာတဲ့ အဝေးပြေးကုန်စည်ယာဉ်တွေ လမ်းမှာပိတ်မိနေတာဖြစ်ပြီး ရန်ကုန်မှထွက်လာတဲ့ကားတွေကို မြို့အ၀င်တွေမှာကုန်ချိန်တဲ့ ပျဉ်ပုံကြီးကတ္တားနဲ့ ပိန်းဇလုပ်ကတ္တားတို့မှာ တားထားတယ်လို့သိရပါတယ်။

မန္တလေးဘက်က လာတဲ့ယာဉ်တွေကိုတော့ နေပြည်တော်အနီးမှာ တားထားတယ်လို့သိရပါတယ်။ သြဂုတ်လ (၃၀)ရက်မနက်မှာ ရန်ကုန်၊မန္တလေးနဲ့ တောင်ကြီး စတဲ့မြို့တွေက ထွက်လာတဲ့ ကားတွေကတော့ ရန်ကုန်- ပြည်-မကွေးလမ်းကနေ ရှောင်မောင်းပြီး သွားနေတယ်လို့ သိရပါတယ်။ လမ်းဟောင်းက ပျက်စီးသွားတဲ့တံတားကိုတော့ လက်ရှိမှာပြန်လည်ပြင်ဆင်မှုတွေပြုလုပ်နေပြီး သြဂုတ်လ (၃၀)ရက် ညနေ (၅)နာရီမှာပြန်လည်ဖွင့်ပေးဖို့စီစဉ်ခဲ့တယ်လို့သိရပါတယ်။ယခုလို ကုန်ကားတွေပိတ်မိနေတာကြောင့် ကုန်စည်ပို့ဆောင်ရေးမှာကြန့်ကြာမှုတွေဖြစ်ပေါ်နေပြီး အခက်အခဲ တွေကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်ုစည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

 

 

Related News