ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းက ဈေးတွေကို အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ဒီဈေးတွေမှာ ကားပါကင်တွေပါထည့်သွင်းဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့ သြဂုတ်လ(၂၄)ရက်ကရန်ကုန်တိုင်းရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဒုတိယ(၁)နှစ်တာဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ကဈေးတွေဟာ နှစ်ပေါင်းများစွာမှားယွင်းတဲ့စနစ်နဲ့ နေလာခဲ့လို့ တိုးတက်မှုအလွန်အားနည်းခဲ့ပေမယ့်ဈေးတွေဟာ နေရာကောင်းမှာရှိနေသေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။ ဒါ့ကြောင့်မြို့နယ်အများစုကဈေးတွေကို အဆင့်မြှင့်တင်သွားမယ်လို့ပြောပါတယ်။ လက်ရှိရန်ကုန်မြို့ အခြေအနေအရ    ဈေးအဆင့်မြှင့်တင်ရာမှာ ဈေးနဲ့အတူကားပါကင်ကိုပါတွဲပြီး တည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ပြောပါတယ်။လက်ရှိဈေးတွေအတွင်းမှာ မရောင်းချကြဘဲ ဈေးအပြင်ဘက်၊ လမ်းမတွေ၊ လမ်းကြားတွေမှာရောင်းချနေတာတွေရှိနေပြီး ဈေးအတွင်းက ဆိုင်ခန်းတွေကိုတော့ လူနေအိမ်၊ ပစ္စည်းထားဂိုဒေါင်သဘောမျိုးတွေ လုပ်ဆောင်နေကြတယ်လို့လည်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်းစိုးက ရှင်းလင်းပြောကြားပါတယ်။

ဒါ့ကြောင့် ဈေးတွေအဆင့်မြှင့်တင်ဆောက်လုပ်ရာမှာ ဈေးဆိုင်ခန်းမှာပဲရောင်းချချင်အောင်၊ဆွဲဆောင်မှုရှိအောင် ဆောက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီလိုဈေးတွေ အဆင့်မြှင့်တင်ရာမှာ ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်မယ့်စနစ် (PPP)စနစ်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ပုဂ္ဂလိကတွေကိုဈေးတွေရဲ့ဈေးအော်ပရေတာတွေ အဖြစ်ဆောင်ရွက်စေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိဈေးတွေမှာ ဆိုင်ခန်းရထားတဲ့သူတွေဟာ ငှားရမ်းထားတဲ့သူသာဖြစ်ပြီး တစ်ချို့ကအပိုင်လို့ထင်ပြီးဖက်တွယ်ထားသူတွေဟာ  ဥပဒေလုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ပြောပါတယ်။ ဒီအတွက်ဥပဒေနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဈေးတွေအဆင့်မြှင့်တင်မှုတွေလုပ်ဆောင်ဖို့ကို နှစ်စကတည်းက ၀န်ကြီးချုပ်က လမ်းညွှန်ထားပြီး လက်ရှိလုပ်ဆောင်မှုအသေးစိတ်အခြေအနေတွေကိုတော့ ထည့်သွင်းပြောကြားသွားခြင်းမရှိသေးပါဘူးလို့ သိရပါတယ်။

 

 

Related News