စက်တင်ဘာလ(၁၃)ရက်မှာကျရောက်တဲ့ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို စတင်ပြဌာန်းခဲ့တဲ့ စက်တင်ဘာလ(၁၃)ရက်ကို မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ်ပြီး ဆဌမအကြိမ်အဖြစ်ကျင်းပခဲ့တာဖြစ်ပြီး ဒီအခမ်းအနားကို နေပြည်တော်အပါအ၀င် တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာလည်း ကျင်းပကြတယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့(၂၀၀၅)ခုနှစ် စက်တင်ဘာလ(၁၃)ရက်မှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကိုစတင်ပြဌာန်းခဲ့ပြီး (၁၁)နှစ်ကျော်ကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အမှုပေါင်း(၁၇၅၇)မှု ၊ ပြစ်မှုကျူးလွန်မှုပေါင်း(၄၉၅၈)မှု၊ နဲ့ လူကုန်ကူးခံရသူပေါင်း (၄၁၁၁)ဦးရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် ပြစ်မှုကျူးလွန်သူတွေကိုတော့ ထိရောက်တဲ့ပြစ်ဒဏ်တွေနဲ့ ချမှတ်အရေးယူနိုင်ခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဟာ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးတွေလိုမဟုတ်ပဲ ရွှေ့ပြောင်းသွားလာသူတွေ စက်ရုံ၊အလုပ်ရုံတွေမှာ လာရောက်လုပ်ကိုင်သူတွေ ရှိတဲ့အတွက် လူဦးရေအများဆုံးဒေသဖြစ်တာကြောင့် လူကုန်ကူးမှုခံရတာတွေမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုတွေပြုလုပ်ဖို့ လိုအပ်တယ်လို့သိရပါတယ်။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအပါအ၀င် ပြည်သူလူထုဘက်ကလည်း သတင်းပေးတိုင်ကြားမှုတွေရှိဖို့ လိုအပ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မတိုင်ခင်မှာ ရန်ကုန်တိုင်းဒေသကြီး ခရိုင်(၄)ခရိုင်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေမှာ  စာစီစာကုံး၊ကဗျာ၊ကာတွန်း ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ်နေ့မှာ ဆုချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

 

 

 

Related News