ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်းနဲ့ ဘုရားဖူးအဖွဲ့များတွေ့ဆုံပွဲကို စက်တင်ဘာ(၁၃)ရက်က သာကေတမြို့နယ်၊ နန္ဒ၀ိဇ္ဇာကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။မိုးတွင်းကာလဟာ ဘုရားဖူးခရီးသွားရာသီနားချိန်ဖြစ်တာကြောင့် လာမယ့် အောက်တိုဘာလမှာ ခရီးသွားရာသီပြန်လည်စတင်တဲ့အခါ ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်းအနေနဲ့ စည်းကမ်းတကျလုပ်ကိုင်ကြဖို့အတွက် အခုလို ဘုရားဖူးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာဘုရားဖူးခရီးသွားစင်တာက ကျိုက်ထီးရိုးဘုရားတည်ရှိရာ ရသေ့တောင်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ခရီးသွားစင်တာကနေ ပြည်သူတွေအတွက် သိလိုတဲ့ ခရီးစဉ်ရဲ့ သတင်းအချက်အလက်များရရှိစေခြင်း၊ ဘုရားဖူးခရီးသွားတွေအနေနဲ့ ခရီးသွားစင်တာကနေ နောက်ထပ်သွားလိုတဲ့ ခရီးစဉ်တွေကို Package အလိုက်ဝယ်ယူနိုင်ခြင်း စတာတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

လာမယ့် အောက်တိုဘာလကုန်ပိုင်းမှာ  ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းက ဘုရားဖူးခရီးသွားတွေအဆင်ပြေစေဖို့ ရွှေစက်တော်၊ ပုဂံအစရှိတဲ့ ဘုရားဖူးခရီးသွားများတဲ့နေရာတွေ အပေါ်မူတည်ပြီး ခရီးသွားစင်တာတွေဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ခရီးသွားစင်တာမှာ ဒေသခံတွေကိုသာ ၀န်ထမ်းအဖြစ်ခန့်အပ်သွားမှာဖြစ်ပြီး ရရှိတဲ့ ခရီးစဉ်ရဲ့ ၀င်ငွေကနေ ကော်မရှင်ပြန်လည်ရယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်းကို ၂၀၁၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ လက်ရှိ  အသင်းဝင်ပေါင်း (၄၀၀)ကျော်နဲ့ ရပ်တည်လုပ်ကိုင်နေတယ်လို့သိရပါတယ်။

 

 

 

Related News