မိုဘိုင်းဖုန်း အက်ပလီကေးရှင်းကနေတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှု ရယူတဲ့ လူဦးရေဟာ တစ်နေ့ကို သုံးထောင်ကျော်အထိ ရှိလာပြီး တစ်နှစ်အတွင်း မေးခွန်းပေါင်း (၉.၆) သန်း ဖြေဆိုပေးခဲ့ရတယ်လို့On Doctor Application ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ထက်ဇံလင်းက ပြောပါတယ်။ အဆိုပါ အက်ပလီကေးရှင်းကို (၂၀၁၆) ခုနှစ်တည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး Google Play Store မှ ရယူကာ အခမဲ့သုံးစွဲနိုင် တာကြောင့် လက်ရှိမှာ နေ့စဉ် မေးမြန်းသုံးစွဲသူဦးရေ သုံးထောင်ကျော်အထိ ရှိလာတယ်လို့သိရပါတယ်။

မေးမြန်းသူအများစု ကတော့ နယ်ဘက်မှာ နေထိုင်သူတွေဖြစ်ကြပြီး ရာသီအလိုက် ကျန်းမာရေးအတွက်လိုအပ်တဲ့ ဆောင်ရန်၊ ရှောင်ရန်စတာ တွေကို အများဆုံးမေးမြန်းကြကြောင်းသိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ငါးထောင်မှာ ဆရာဝန်တစ်ယောက်နှုန်းသာရှိပြီး တိကျမှန်ကန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အပြည့်အဝမရရှိကြပါဘူး။ ဒါကြောင့် နီးစပ်ရာ ဆေးဆိုင်တွေမှာ ဆေးဝယ်သောက်တာ၊ လွဲမှားတဲ့ ကျန်းမာရေး အကြံဥာဏ်တွေကို ယုံကြည်နေကြ တာတွေရှိနေပြီး ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆရာဝန်တွေကိုယ်တိုင်အကြံပြုဖြေကြားပေးတဲ့ On Doctor Applicationကို ထူထောင်ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

 On Doctor အက်ပလီကေးရှင်းဟာ ထိုင်းနိုင်ငံ K Bank မှ ပြုလုပ်တဲ့ K Bank Biz Challenge 2018 ပြိုင်ပွဲမှာ နည်းပညာ အသုံးပြု စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆုကိုရရှိထားတာဖြစ်ပြီး ဆရာဝန် ငါးဆယ်ကျော်နဲ့ဖွဲ့စည်းထားတဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေး အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ သမားရိုးကျ SME လုပ်ငန်းတွေကနေ ခွဲထွက်လုပ်ကိုင်လာတဲ့ နည်းပညာအသုံးပြု အက်ပလီကေးရှင်း လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ SME လောကကို မြှင့်တင်ပေးနေတာဖြစ်တယ်လို့ ဒေါက်တာအောင်သိမ်းက ပြောပါတယ်။ On Doctor အက်ပလီကေးရှင်းမှာ အခမဲ့ ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေ မေးမြန်းနိုင်သလို  ဆရာဝန်တွေကို အိမ်တိုင် ရာရောက် ခေါ်ယူပြီး အခကြေးငွေနဲ့ကုသတာကိုတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ဆောင်မှုပေးနေကြောင်းသိရပါတယ်။ 

 

 

 

Related News