(၂၀၁၈)အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေကို စက်တင်ဘာလ(၁၇)ရက်နေ့မှာ စတင်ပြုလုပ်မယ်လို့ သိရပါတယ်။နိုဝင်ဘာလ (၅)ရက်ကနေ (၁၁)ရက်အထိ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၂၀၁၈) အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းအနေနဲ့ စက်တင်ဘာလ(၁၇)ရက်နေ့ ကျိုက္ကဆံအားကစားကွင်းမှာ လေ့ကျင့်ပြင်ဆင်မှုတွေ စတင်ပြုလုပ်မယ်လို့ သိရပါ တယ်။ ပြိုင်ပွဲအတွက် ပဏာမကစားသမား(၂၂)ဦးကို စက်တင်ဘာလ(၁၃)ရက်က ထုတ်ပြန်ခဲ့ပြီး VUC အသင်း နဲ့ MIC အသင်းက ကစားသမားအများစု ပါဝင်တာ ဖြစ်ပါတယ်။ 

ကစားသမားရွေးချယ်ရာမှာ ဖူဆယ်လိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေနဲ့ စည်းကမ်းပိုင်းကောင်းမွန်တဲ့ ကစားသမားတွေကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံမှာ (၁၀)ရက်ကြာ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ခြေစမ်းပွဲ(၅)ပွဲ ယှဉ်ပြိုင်ကစား သွားမယ်လို့ သိရပါတယ်။ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ အုပ်စု(က)မှာ ပါဝင် နေပြီး အိမ်ရှင်အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယားအသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေနဲ့ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို (၂၀၀၆)ခုနှစ်က စတင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် (၂၀၁၆)ခုနှစ်မှာ ဒုတိယရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာ မြန်မာဖူဆယ်အသင်း တတိယဆု ရရှိခဲ့ပြီး စုစုပေါင်း ဒုတိယတစ်ကြိမ်နဲ့ တတိယနှစ်ကြိမ်ရရှိထားကာ ဆဋ္ဌမအအောင်မြင်ဆုံး အသင်းအဖြစ်ရပ်တည်နေပါတယ်။  

 

 

Related News