ကျောင်းကားစနစ်ကို အများပိုင်ကုမ္ပဏီဖွဲ့စည်းပြီးလုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အများနှင့်သက်ဆိုင်သောကုမ္ပဏီက ကျောင်းကားလုပ်ငန်းရှင်တွေနဲ့ အောက်တိုဘာ(၇)ရက်နေ့ ညနေပိုင်းက  တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ကွင်းမှာ တွေ့ဆုံခဲ့တာပါ။ရန်ကုန်က ကျောင်းကားစနစ်အတွက် ၀ယ်ယူထားတဲ့ ဟွန်ဒိုင်းမီနီဘတ်စ် အစီး(၂၀၀)ကို ပြန်လည်ဝယ်ယူ လုပ်ကိုင်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြီးခဲ့တဲ့လပိုင်းအတွင်း ကမ်းလှမ်းထားတယ်လို့ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ  အများနှင့်သက်ဆိုင်သောကုမ္ပဏီ တာဝန်ရှိသူကပြောကြားပါတယ်။

  ဒီကျောင်းကားတွေကို တစ်ဦးချင်းထက် အများပိုင်ဖွဲ့စည်းပြီး လုပ်ကိုင်ဖို့ ရည်ရွယ်ထားပြီး လက်ရှိ ကျောင်းကားပြေးဆွဲနေတဲ့ လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ကာ အခုဆွေးနွေးပွဲပြုလုပ်ခဲ့ တာလို့ပြောပါတယ်။ အခု ဆွေးနွေးပွဲကို ရန်ကုန်မှာရှိတဲ့ ကျောင်းအလိုက် ကျောင်းကားလုပ်ငန်းရှင် (၁၀၀၀)ကို ဖိတ်ကြားခဲ့ပြီး လုပ်ငန်း ရှင်(၃၀၀)၀န်းကျင် တက်ရောက်ခဲ့ပါတယ်။             
အခုကျောင်းကားအစီး(၂၀၀)ဟာ ၂၀၁၇ခုနှစ်က ၀ယ်ယူထားတာဖြစ်ပြီး (၆၅)စီးကတော့ စတင်အသုံးပြု နေကာ ကျန်တာကတော့ ရှင်စောပုယာဉ်ရပ်နားကွင်းမှာ ထားရှိထားတာဖြစ်ပါတယ်။အများပိုင်ကုမ္ပဏီဖွဲ့စည်းပါက ရှယ်ယာတစ်စုကို ကျပ်တစ်သောင်းနဲ့ ရောင်းချမယ်လို့လည်းသိရပါတယ်။ကျောင်းကားစနစ်ကိုတော့ ယာဉ်ကြောကြပ်တည်းမှုအများဆုံး ရန်ကုန်က စာသင်ကျောင်း (၂၀)မှာ စတင်ဖို့ လုပ်ဆောင်ထားတာဖြစ်ပြီး လက်ရှိမှာ (၂)ကျောင်းမှာ စတင်နေပြီဖြစ်ပါတယ်။

လာမယ့်စာသင်နှစ်မှာတော့ ကျန်တဲ့ကျောင်း(၁၈)ကျောင်းမှာ ဆက်လက်အကောင်အထည်ဖော်မယ်လို့ တိုင်းအစိုးရက ပြောထားပါတယ်။ ဒါ့အပြင် ပြင်ပကြိုပို့ယာဉ်တွေအနေနဲ့ အ၀ါရောင်၊ ဘယ်မောင်းအပါအ၀င် သတ်မှတ်ချက်(၁၂)ချက် မပြည့်မီပါက လာမယ့်နှစ်ကစပြီး ဒီကျောင်း(၁၈)ကျောင်းမှာ ပြေးဆွဲခွင့်မပြုဘူးလို့လည်း ပြောထားပါတယ်။

ကျောင်းကားစနစ်ကျင့်သုံးမယ့် စာသင်ကျောင်း(၂၀)မှာ ကျောင်းသား(၅၈၀၀၀)ကျော်၊ ကျောင်းကားစီးသူ (၁၈၀၀၀)ကျော်ရှိနေကာ နေ့စဉ်ကျောင်းကြိုပို့ လုပ်နေတဲ့ ကျောင်းကား(၈၀၀) ကျော်ရှိနေပါတယ်။ ဒါ့အပြင် ကျောင်းကြိုပို့လုပ်တဲ့ ကိုယ်ပိုင်ကားကလည်း အစီး(၁၉၀၀)ကျော်ရှိတာကြောင့် အဓိကလမ်းမကြီး တွေပေါ်မှာရှိတဲ့ ဒီကျောင်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေရှိနေပြီး ဒါကို လျော့ကျဖို့ ကျောင်းကားတွေကို ပိုမိုစီးနင်းလာကြစေရေး ရည်ရွယ်လုပ်ဆောင် နေတာလည်း ဖြစ်ပါတယ်။

 

Related News