နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ပရဟိတအလုပ်တွေကို ကြာရှည်စွာလုပ်ကိုင်ပေးခဲ့ပြီး အသက်ဆုံးရှုံးသွားတဲ့ စံပြပရဟိတသူရဲကောင်းရုပ်တု(၃)ရုပ်ကို နာရေးကူညီမှုအသင်းဝင်းထဲမှာ ထုလုပ်ထားရှိထားတယ်လို့ သိရပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့်အတူ လက်တွဲမဖြုတ် ပေးဆပ်ကူညီခဲ့ကြပြီး ကွယ်လွန်သွားခဲ့ကြတဲ့ ဂုဏ်ထူးဆောင် ရာသက်ပန်အသင်းသား၊ ပရဟိတ ငြိမ်းချမ်းရေးဂီတသူရဲကောင်း ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ အများအတွက် အသက်ပေးကာ ကိုယ်ကျိုးမဖက် ပေးဆပ်အနစ်နာခံခဲ့သော တနင်္ဂနွေနေ့ အသင်းသား စေတနာ့လုပ်အားပေး ကိုတင်မောင်ထွန်းနှင့် ပရဟိတသူရဲကောင်း အင်္ဂါနေ့ အသင်းသူ စေတနာ့ လုပ်အားပေး မသင်းသင်းအေး (ခ)မမီးမီး (၈၈ မျိုးဆက် - ငြိမ်း/ပွင့်) အမျိုးသမီးဌာန ဒု-တာဝန်ခံ တို့ရဲ့ ပုံတူရုပ်ထုများကို နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ထုလုပ်ပေးထားတာ ဖြစ်တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

အဲ့ဒီ့ရုပ်တုသုံးရုပ်ကို ပန်းချီဆရာ ကိုကျော်ကျော်မင်းက ထုလုပ်ပေးခဲ့တာလို့ သိရပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)က ပရဟိတလုပ်ဆောင်နေတဲ့ လူငယ်တွေ အတုယူစေဖို့ အတွက်နဲ့ အမြဲအမှတ်တရရှိစေဖို့ ရည်ရွယ်ထုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီသုံးဦးဟာ ကျန်ရှိနေတဲ့ ပရဟိတလုပ်ဆောင်နေသူတွေအတွက် အတုယူစရာမှတ်တိုင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဂီတသူရဲကောင်း ဦးရဲလွင် (မဇ္ဈိမလှိုင်း) ၊ အများအတွက် အသက်ပေးကာ ကိုယ်ကျိုးမဖက် ပေးဆပ်အနစ်နာ ခံခဲ့သော တနင်္ဂနွေနေ့ အသင်းသား စေတနာ့လုပ်အားပေး ကိုတင်မောင်ထွန်း နှင့် ပရဟိတသူရဲကောင်း အင်္ဂါနေ့ အသင်းသူ စေတနာ့လုပ်အားပေး မသင်းသင်းအေး (ခ) မမီးမီး (၈၈ မျိုးဆက် - ငြိမ်း/ပွင့်) အမျိုးသမီးဌာန ဒု-တာဝန်ခံ တို့ဟာ ပရဟိ လုပ်ဆောင်နေစဉ်မှာ အသက်ဆုံးရှုံးခဲ့ကြတဲ့ သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အရင်က နာရေးကူညီမှုအသင်းကိုဖွင့်လှစ်ဖို့ လမ်းညွှန်ပေးခဲ့တဲ့ ပရဟိတ ဖခင်ကြီးဖြစ်တဲ့ ဦးသုခရုပ်တုကို ထားရှိဖွင့်လှစ် ထားသလို အခုဖွင့်လှစ်လိုက်တဲ့ ရုပ်တု(၃)ရုပ်နဲ့ ဆိုရင် ယခုလက်ရှိမှာတော့ ရုပ်တုလေးရုပ်အထိထုလုပ်ထားရှိနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News