ရန်ကုန်မြို့တွင်းမှာ ကားပါကင်ကြေးတွေကို လာမယ့်နိုဝင်ဘာ(၁)ရက်က စလို့ တစ်နာရီကို (၂၀၀)ကျပ်နှုန်းနဲ့ ပြန်လည်ကောက်ခံသွားမှာဖြစ်တယ်လို့ အောက်တိုဘာ(၉)ရက်က ကျင်းပတဲ့ ဒုတိယအကြိမ်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့မှာ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောပါတယ်။

ရန်ကုန်မြို့တွင်းမှာ ကားပါကင်ကြေးတွေကောက်ခံဖို့ CBD (Central Business District )ဧရိယာအတွင်း ယာဉ်ရပ်နားကန့်သတ်ဇုန်(၈)ဇုန် သတ်မှတ်ပြီးဖြစ်တယ်လို့သိရပါတယ်။

မြို့တွင်းအမည်တပ် လမ်းမကြီးတွေမှာ မနက်(၈)နာရီကနေ ညနေ(၆)နာရီအထိ တစ်နာရီကို (၂၀၀)ကျပ်နဲ့  ပြန်လည်ကောက်ခံသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော် ၀န်ဦးမောင်မောင်စိုးက ပြောပါတယ်။ လက်ရှိ ဒီဇုန်(၈)ဇုန်မှာ (၅)ဇုန်က တင်ဒါအောင်မြင်သွားပြီးဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်ခွင့်ရှိသူနဲ့ စာချုပ်ချုပ်ဆိုတဲ့အခါ  ယာဉ်ရပ်နားခကောက်ခံမှုနဲ့ပတ်သက်လို့ စနစ်တကျရှိစေရေး အဓိကလိုအပ်ချက်တွေကို ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်တယ်လို့ပြောပါတယ်။ ကျန်ဇုန်တွေကို တင်ဒါဆက်လက်ခေါ် ယူသွားမှာဖြစ်ပြီး ပါကင်ကြေးကောက်ခံခြင်းလုပ်ငန်းတွေကို လာမယ့်နိုဝင်ဘာ(၁)ရက်ကနေစပြီး တစ်ချိန်တည်း ကောက်ခံစေဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ 

၂၀၁၈ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှစပြီး အမည်တပ်လမ်းတွေမှာ ကားပါကင်ကြေးကောက်ခံမယ့် ကိစ္စနဲ့ ပတ်သက်လို့  စနစ်တကျဖြစ်ပြီးပြည်သူတွေအဆင်ပြေစေဖို့ ဘယ်လိုအစီအမံတွေနဲ့ ဆောင်ရွက်သွားမလဲ ဆိုတာကို  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မေးမြန်းခဲ့တာပါ။ ရန်ကုန်မြို့တွင်း ကားပါကင်ကြေးကောက်ခံရာမှာ တာဝန်ယူမှု၊တာဝန်ခံမှုရှိဖို့နဲ့ စနစ်တကျကောက်ခံစေချင်တယ်လို့လည်း ပြောပါတယ်။

ကားပါကင်ကြေးကောက်ခံတာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကတည်းက ဖျက်သိမ်းလိုက်တာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက ကောက်ခံခြင်းမရှိပေမယ့် တရားမ၀င်ကောက်ခံမှုတွေကြောင့် ကောက်ခံသူတွေသာအကျိုးအမြတ်ရရှိခဲ့ပြီး နိုင်ငံတော်က ဘဏ္ဍာငွေတွေဆုံးရှူံးခဲ့ရတယ်လို့လည်း မြို့တော်ဝန်ကပြောပါတယ်။ လက်ရှိမှာ ရသင့်ရထိုက်တဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေရရှိဖို့ ရည်ရွယ်ကောက်ခံတာဖြစ်တယ်လို့ပြောပါတယ်။ လက်ရှိ တင်ဒါစနစ်ကို လုပ်ဆောင်ဖို့ (၅)လ သတ်မှတ်ထားပြီး ဒီကာလပြီးဆုံးသွားရင် ပိုမိုခေတ်မီစနစ်ကျတဲ့ Smart Car Parking System လုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

 

Related News